(၁၆-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန စသည့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းနှင့် ခေမာသီလမ်းထောင့်ရှိ Kan Thar Yar Shopping Mall သို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ Kan Thar Yar Shopping Mall သို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာတွင် Shopping Mall ရှိ ရောင်းချနေသောကုန်စည်များအနက် ဦးစားပေးကုန်စည် (၈) မျိုးအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရယူထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (စစ်ဆေးရေးမှူး)ကလည်း စားသုံးသူကာကွယ်ရေးဥပဒေတွင်ပြဋ္ဌာန်းထားသည့် အခန်း (၁၈)၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်စည်များကိုသာလက်ခံရောင်းချရမည်ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)