စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက် နှစ်ရှည်ပင်ဖြစ်သည့် ဇီးချိုသီးပင်ကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပါသည်။
ဇီးချိုသီးပင်ကို ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်၊ GTI ကျောင်းမြောက်ဘက် ဧက(၁၀၀၀) သရက်စိုက်ကွင်းအနီးတွင် နှစ်ရှည်ပင်အဖြစ် စိုက်ပျိုးထားရာ တစ်ဧကလျှင် ဇီးချိုသီးအပင်(၁၀၈)ပင်ခန့် စိုက်ပျိုးရပြီး ယခုလက်ရှိ (၂)ဧက အပင်(၂၀၀)ကျော် စိုက်ပျိုးထားသည့် ဇီးချိုသီးခြံပိုင်ရှင်နှင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။
ဇီးချိုသီးပင်ကို နှစ်စဉ် မတ်လမှာ ကိုင်းဖြတ် ကိုင်းရှင်းများဆောင်ရွက်ရပြီး ဧပြီလ သင်္ကြန်မိုးနဲ့အတူ အညွန့်အသစ်များ စပေါက်လာပြီး ဇူလိုင်လ၊ ဩဂုတ်လများတွင် ဇီးချိုပင်ကိုင်းများ ဘေးကားထွက်ပြီး အသီးများသီးရာတွင် အသီးမနိုင်ဘဲ ကိုင်းကျိုးကျခြင်းမဖြစ်စေရန် နှင့် ဇီးချိုသီးအပင်ကိုင်းများ ကျိုးကျလျှင် အသီးများပျက်စီးမှုများနိုင်သဖြင့် တန်းထိုးခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ရပါကြောင်း၊ စက်တင်ဘာလတွင် ဇီးချိုသီးပင် အပွင့်များ စတင်ပွင့်ဖူးလာပြီး၊ နိုဝင်ဘာလတွင် ဇီးချိုသီး အကင်းများ စတင်သီး၍ ဇီးချိုသီးများစသီးချိန်တွင် အသီးများ ချိုမြပြီးစားကောင်းစေရန်အတွက် ကြက်ဥအခွံနှင့် ရှာလကာရည်စိမ်၍ ရေသွင်းပေးတိုင်း အမြဲလောင်းပေးကာ (၁၀)ရက်တစ်ကြိမ်ရေသွင်းပေးရပါကြောင်း၊ အဟာရကျွေးခြင်း၊ ရေသွင်းခြင်း ၊ အလုပ်သမားငှားရမ်းခြင်းအတွက် တစ်နှစ်ကုန်ကျစရိတ် (၁၂)သိန်းခန့် ကုန်ကျကြောင်း သိရှိရပါသည်။
ဇီးချိုသီးများကို ဒီဇင်ဘာလတွင် စတင်ခူးဆွတ်နိုင်ပြီး ကန့်ဘလူမြို့တွင် အများဆုံးရောင်းချရပါ ကြောင်း၊ ဆီးချိုသီးများကို စတင်ခူးဆွတ်ချိန်တွင် ၅ ပိဿာ မှ ၁၀ ပိဿာအထိ ခူးဆွတ်ရရှိပြီး ဇန်နဝါရီလ၊ ဇီးချိုသီးများလှိုင်လှိုင်ပေါချိန်တွင် နေ့စဉ် တစ်ရက်လျှင် (၁၅)ပိဿာ ဝင်ဆံ့သည့်တောင်းဖြင့် (၅)တောင်း ခူးဆွတ်ရောင်းချရပါကြောင်း၊ ဇီးချိုသီး တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ရောင်းချရပြီး ခူးဆွတ်ချိန် (၂)လကြာမြင့်အောင် ခူးဆွတ်ရပြီး တစ်နှစ် ဇီးချိုသီးခြံ၏ ဝင်ငွေမှာ (၃၅)သိန်းနှင့် (၄၀)သိန်းခန့်ရှိရပြီး အမြတ်အစွန်းမှာ(၂၈)သိန်းခန့်ကျန်ရရှိပါကြောင်း ဇီးချိုသီးခြံစိုက်ပျိုးသော တောင်သူဒေါ်အေးအေးခိုင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)