Main menu

ကန့်ဘလူဒေသထွက် ခရမ်းချဉ်သီးများ ရောင်းချရ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် နတ်အင်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အင်ကြင်းစုကျေးရွာများတွင် “ဗမာခရမ်းချဉ်သီး”နှင့် “ထိုင်ဝမ်ခရမ်းချဉ်သီး”မျိုးများကို မိသာစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိရာ ယခုအခါ ဈေးကွက်အတွင်း ရောင်းချနေရသောကြောင့် မိသာစုအဆင်ပြေလျက်ရှိကြောင်း ခရမ်းချဉ်သီးစိုက် တောင်သူတစ်ဦးက ပြောသည်။

       အဆိုပါကျေးရွာများတွင် ခရမ်းချဉ်သီးများကို တော်သလင်းလမှစ၍ စိုက်ပျိုးခဲ့ရာ အပင်များ အောင်မြင်ဖြစ်ထွန်းသည့်အပြင် အထွက်နှုန်းကောင်းကာ ဈေးကောင်းရနေကြောင်း၊ လက်ရှိရောင်း ချနေရသည့် ဈေးနှုန်းများမှာ “ဗမာခရမ်းချဉ်သီး”အကြီးတစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀၊ အသေး တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ နှုန်းနှင့် “ထိုင်ဝမ်ခရမ်းချဉ်သီး” တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀ မှ ၁၄၀၀ နှုန်း ဖောက်သည်များထံ ရောင်းချရသဖြင့် အပိုဝင်ငွေများရရှိပြီး အဆင်ပြေနေကြကြောင်း သိရသည်။

     ကန့်ဘလူမြို့မဈေးရှိ ခရမ်းချဉ်သီးလက်လီ၊လက်ကား ပြန်လည်ရောင်းချသူများသည် စားသုံးသူများထံသို့ “ဗမာခရမ်းချဉ်သီး”တစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀ မှ ၁၈၀၀ ကျပ်နှင့် “ထိုင်ဝမ်ခရမ်းချဉ်သီး” တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ မှ ၁၆၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချရသော ကြောင့် စိုက်ပျိုးထုတ်လုပ်သူ ရောင်းချသူအားလုံး ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)