Main menu

ပခုက္ကူမြို့နယ်၌ ဝင်ငွေကောင်း၍ တွက်ချေကိုက်လျက်ရှိသည့် သကြားပြောင်းဖူး(ချို) စိုက်ပျိုးမှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကံလှ၊ ကျွန်းညိုကြီး၊ သံပုရာပင်ကုန်း၊ ကျွန်းညိုကြီးရွာသစ်၊ တင်းဂတ်အုပ်စုများအတွင်းရှိ ကျေးရွာများနှင့် ပခုက္ကူကျွန်းရွာများတွင် ဒေသခံတောင်သူများသည် ရေသွင်းစနစ်ဖြင့် သကြားပြောင်းဖူး(ချို)စိုက်ခင်းများကို ယခင်၌ မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ယခုအချိန်တွင် ပြည်တွင်းစားသုံးမှုများလာပြီး ပြောင်းဖူးများဈေးကောင်းရရှိ၍ တောင်သူအများ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း၊ နှစ်စဉ် ငှက်ပျော၊ ငရုတ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ ကုလားပဲ၊ ဆေးရွက်ကြီးနှင့် အခြားဟင်းသီးဟင်းရွက်သီးနှံစားအပင်များကို တစ်နှစ်လျှင် တစ်ရာသီသာစိုက်ပျိုးကြသည့်အပြင် ပြောင်းဖူးဈေးကွက်ကောင်း၍ သကြားပြောင်းဖူး(ချို)စိုက်ခင်းများကို နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး တိုးချဲ့စိုက်ပျိုးလာကြကြောင်း ဒေသခံတောင်သူတစ်ဦးကပြောကြားခဲ့ပါသည်။

     စိုက်ပျိုးမှုအနေဖြင့် ပြောင်းဖူးသီးနှံကို သဲနုန်းမြေ၊ မြေမာများတွင် ရေသွင်းစနစ်ဖြင့် အများဆုံးစိုက်ပျိုးကြပြီး အတန်းလိုက်စနစ်ဖြင့် ပင်ကြား(၅)လက်မ၊ တန်ကြား(၁)ပေအကွာစိုက်ပျိုးကြောင်း၊ တောင်သူများသည် ပြောင်းဖူးပင်သက်တမ်း (၃)လခွဲအကြာ ရောင်းတန်းဝင် မနုမရင့်အချိန်တွင် ပြောင်းဖူးများကိုခူး၍ ရောင်းချခြင်းကြောင့် မျိုးထားရှိခြင်းမရှိ၍ ဝယ်ယူစိုက်ပျိုးရကြောင်း၊ ပံ(၁၃၅)မျိုးကို တောင်သူအများစိုက်ပျိုးကြောင်း၊ မျိုးစေ့တစ်ထုပ်လျှင် ကျပ်(၂၇၀၀၀-၂၈၀၀၀)ဈေးနှုန်းဖြင့်ပေးဝယ်ရပြီး တစ်ဧကလျှင် မျိုးစေ့(၄)ထုပ်နှင့် (၂)ပြည်ခန့်ကုန်ကျကြောင်း၊ စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် သီးနှံရိတ်သိမ်းကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ထိ ရေ(၃)ချိန်ခန့်ပေးသွင်းရကြောင်း၊ မိုးရာသီ၌စိုက်ပျိုးကြကာ သကြားပြောင်းဖူးများရိတ်သိမ်းရောင်းချပြီးနောက် သီးထပ်အဖြစ် ဆောင်းသီးနှံကုလားပဲကိုစိုက်ပျိုးကြကြောင်း၊ ကုလားပဲခင်းကျွတ်များတွင် ဖူးစားပြောင်းကို  ဇန်နဝါရီလဆန်းမှစ၍ တောင်သူအများ စိုက်ပျိုးလျက်ရှိသည့်အတွက် တစ်နှစ်ပတ်လုံး ပြောင်းဖူးထွက်ရှိလျက်ရှိကြောင်းသိရှိရသည်။

     သကြားပြောင်းဖူး(ချို)တစ်ဧကစိုက်ပျိုးလျှင် ရာသီဥတုပြောင်းလဲမှုနှင့် သွင်းအားစုသုံးစွဲပုံ၊ ရေသွင်းအကြိမ်ရေမတူညီခြင်းကြောင့် သီးနှံအထွက်နှုန်းမတူညီကြောင်း၊ တောင်သူတစ်ဦးလျှင် ပျမ်းမျှအဖူးရေ (၉၀၀၀-၁၂၀၀၀)ခန့်အထိထွက်ရှိပြီး တစ်ဖူးလျှင် သီးနှံပေါ်ဒေသပေါက်ဈေး လက်လီသုံးဖူးလျှင် ကျပ်(၁၀၀၀)ဖြင့်ရောင်းချရပြီး လက်ကားဈေးတစ်ဖူးလျှင် အကြီးအသေးအနုအရင့်အပေါ်မူတည်ပြီး ကျပ် (၁၅၀-၂၀၀)ဈေးနှုန်းဖြင့်ရောင်းချရကြောင်း၊ စိုက်ခင်းထွက်ပြောင်းဖူးများကို မြို့ပေါ်ရှိ လုပ်ငန်းရှင်များက အခင်းအထိ လာရောက်ဝယ်ယူကြပြီး ပခုက္ကူဒေသတွင်းအပြင် ရန်ကုန်မြို့သို့ အများဆုံးတင်ပို့ဖြန့်ဖြူးတင်ပို့လျက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၈၀၀၀၀၀)ခန့်ကုန်ကျပြီး ဝင်ငွေမှာ ကျပ်(၂၀၀၀၀၀၀)ခန့်ရရှိ၍ ကျပ်(၁၂၀၀၀၀၀)ခန့်အကျိုးအမြတ်ရရှိကြောင်း၊ ယခင်နှစ်တွင်လည်း ပြောင်းဖူးသီးနှံပေါ်ချိန် ဒေသတွင်းဈေးကွက်၌ တစ်ဖူးလျှင် လက်လီဈေး ကျပ်(၃၅၀-၄၀၀)၊ လက်ကားဈေးကျပ်(၂၀၀)ဈေးနှုန်းအသီးသီးဖြင့်ရောင်းချခဲ့ရ၍ ပြည်တွင်းပြောင်းဖူးဈေးကွက်ခိုင်မာလျက်ရှိခြင်းကြောင့် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရှိရသည်။   

       သကြားပြောင်းဖူးသီးနှံသည် လူတိုင်း နေ့စဉ်စားသုံးလျက်ရှိသော စားသောက်ကုန်များအနက် အမျှင်ဓာတ်များစွာပါဝင်သော ဆေးဖက်ဝင်သီးနှံဖြစ်ပါသည်။ လူကြီးလူငယ်မရွေး နေ့စဉ် စားသုံးလျက်ရှိသော ပြောင်းဖူးသည် လူ့ကျန်းမာရေးကို အဖက်ဖက်မှ ကူညီထောက်ပံ့ပေးနိုင်သော သဘာဝသီးနှံတစ်မျိုးဖြစ်ပါသည်။ ပြောင်းဖူးတစ်ဖူးတွင် သစ်သီးနှင့်ဟင်းသီးဟင်းရွက်များထက် အာဟာရဓာတ်ပိုမိုပါဝင်၍ လူအများစုက ပြုတ်စား၊ သုပ်စား၊ ကြော်စား၊ ဟင်းချိုချက်ခြင်းများပြုလုပ်၍ စားသုံးလျက်ရှိပါသည်။ နေ့စဉ်လူနေမှုဘဝတွင် ကျန်းမာသောဘဝများ ရေရှည်ရပ်တည်နိုင်ရေးအတွက် အာဟာရဓာတ်များစွာကြွယ်ဝပြီး ကျန်းမာရေးအတွက် များစွာကူညီထောက်ပံ့ပေးနိုင်သော ပြောင်းဖူးကို ပြည်တွင်းစားသုံးမှုပိုမိုများလာလျက်ရှိသည်။ စီးပွားရေလုပ်ငန်းရှင်များကလည်း ပြောင်းဖူးကုန်ကြမ်းမှတစ်ဆင့် တန်းဖိုးမြှင့်စားသောက်ကုန်မျိုးစုံထုတ်လုပ်ရောင်းချလျက်ရှိ၍ ပြည်တွင်းအသုံးများခြင်းကြောင့် ပြောင်းဖူးဈေးကွက်ခိုင်မာလျက်ရှိပါသည်။ စိုက်တောင်သူများအတွက်လည်း ပြောင်းဖူးဆွတ်ခူးရောင်းချပြီး ကျန်ရှိသောအပင်များကို နွားမွေးမြူရေးခြံများ၊ ကျွဲ၊ နွား တစ်နိုင်တစ်ပိုင်မွေးမြူသူများအနေဖြင့် တိရိစ္ဆာန်အစာအဖြစ် လာရောက်ဝယ်ယူကြသောကြောင့် အပိုဝင်ငွေရရှိလျက်ရှိပါသည်။ သကြားပြောင်းဖူးများကို ပြည်တွင်းစားသုံးမှုအပြင် ပြည်ပတရုတ်နိုင်ငံက အဝယ်ဒိုင်များဖွင့်၍ အများဆုံးဝယ်ယူလျက်ရှိခြင်းကြောင့် ပြည်တွင်းဈေးကွက်ခိုင်မာလျက်ရှိ၍ တောင်သူများတွက်ချေကိုက်ကာ အကျိုးအမြတ်များစွာရရှိသည့်အပြင် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ ပြည်ပဝင်ငွေရရှိစေသော သီးနှံဖြစ်၍ စိုက်တောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)