Main menu

ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်ဖို့ အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းများ တိုးတက်ရေး အားပေးကူညီကြပါစို့

Powered by Drupal

         နိုင်ငံတော်အနေဖြင့် ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားတိုးတက် စေရေးအတွက် အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ကဏ္ဍတစ်ခုအဖြစ် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် လည်း ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှစ၍ ပြည်တွင်း/ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် နိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး စားသုံးသူ အခွင့်အရေးပြည့်ပြည့်ဝဝရရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက် များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသလို ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူ ရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူး၊ ဦးမင်းဆွေနှင့် ဝန်ထမ်းများသည် ပြည်မြို့နယ်၊ မြရွာကျေးရွာ၊ လမ်းဆုံရှိ တောင်သူအကျိုးပြုလယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ် ရောင်းချနေသော စိန်ကမ္ဘာဦး ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကြံစိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် သွားရောက်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လေ့လာမေးမြန်းခဲ့ရာ ကုမ္ပဏီအနေဖြင့် တောင်သူအကျိုးပြု ကြံစိုက်စက်နှင့် ကြံခင်းဓါတ်မြေဩဇာချစက်များအား ထိုင်းနိုင်ငံနည်းပညာအခြေခံ၍ အရည်အသွေးကောင်းမွန်စွာထုတ်လုပ်ထားပြီး ယနေ့အထိ ကြံစိုက်စက် (၂)စီးနှင့် ကြံခင်းဓါတ်မြေဩဇာချစက် (၃)စီးထုတ်လုပ်ရောင်းချထားကြောင်း သိရပါသည်။

ကြံစိုက်စက်

          ကျွန်တော်တို့ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပါသည်။ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်ကို ပြောင်းလဲကျင့်သုံးလျက်ရှိတဲ့ နိုင်ငံလည်းဖြစ်ပါသည်။ ကြံစိုက် တောင်သူများအနေဖြင့် ကြံစိုက်ရာသီတွင် အစိုဓါတ်အမီ ထွန်ယက်စိုက်ပျိုးနိုင်မှသာ အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းမှာဖြစ်ပါသည်။ စိန်ကမ္ဘာဦးကုမ္ပဏီသည် ကြံစိုက်တောင်သူများ ရာသီချိန် အမီ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ဈေးနှုန်းသက်သက်သာသာဖြင့် ကြံစိုက်စက်များကို ထုတ်လုပ်ရောင်းချပေးနေပြီး စက်တန်ဘိုးမှာ ကျပ်သိန်း (၉၀)ဝန်းကျင်ဖြစ်သလို တစ်နှစ် အာမခံပေးထားကြောင်း သိရပါသည်။ ထိုင်းနိုင်ငံမှ တိုက်ရိုက်ဝယ်ယူမည်ဆိုပါက ကြံစိုက်စက် တစ်စီးလျှင် ကျပ်သိန်း (၁၂၀)ကျော်ပေးရမှာ ဖြစ်ပါသည်။ တောင်သူများအနေဖြင့် ကိုယ်ပိုင်ဝယ်ယူနိုင်ခြင်းမရှိသော်လည်း တစ်ဆင့်ငှားစနစ်ဖြင့် ငှားရမ်းသုံးစွဲနိုင်မှာဖြစ်ပါကြောင်း၊ ငှားရမ်းခအနေဖြင့် ဆီဈေးနှုန်းအတက်အကျပေါ်မူတည်၍ စက်မောင်းအပါ (၃)ဦး တစ်ဧကလျှင် ကျပ် (၈၀၀၀ဝိ/-) နှုန်းဖြင့် ငှားရမ်းနိုင်ကြောင်း သိရပါသည်။ ကြံစိုက်စက်ကိုအသုံးပြု၍ စိုက်ပျိုးပါက လုပ်သား အင်အားလျော့ချနိုင်သဖြင့် လုပ်သားခချွေတာနိုင်ခြင်း၊ ကြံတစ်ဧကလျှင် မျိုးကြံ (၂)တန်ခန့်သာ လိုအပ်သလို (၈)နာရီအတွင်း (၅)ဧကစိုက်ပျိုးနိုင်မှာဖြစ်ပါသည်။ ကြံစိုက်စက်ဖြင့် စနစ်တကျ စိုက်ပျိုးသည့်အတွက် မျိုးကြံ အလေအလွင့်မရှိခြင်း၊ အချိန်တိုအတွင်း ဧကများများစိုက်ပျိုးနိုင်ခြင်း၊ စိုက်စနစ် မှန်၍ အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း အကျိုးအမြတ်များများရရှိနိုင်မှာဖြစ်ပါသည်။

ကြံခင်းဓါတ်မြေဩဇာချစက်

          စိန်ကမ္ဘာဦးကုမ္ပဏီသည် ကြံစိုက်စက်များအပြင် ကြံခင်းဓါတ်မြေဩဇာချစက်များကိုပါ ထုတ်လုပ်ရောင်းချပေးနေကြောင်းသိရှိရပါသည်။ စက်တန်ဖိုးမှာ ကျပ်သိန်း (၈၀)ဖြစ်ပါသည်။ ငှားရမ်း အသုံးပြုမည်ဆိုပါက တစ်ဧကလျှင် (၄၀၀၀ဝိ/-)၊ ဓါတ်မြေဩဇာ (၂)အိတ်၊ ကြာချိန် (၃)နာရီ ဖြစ်ပါသည်။ လူအင်အားဖြင့် ကျဲပက်ပါက တစ်ရက်ကို (၁)ဧကကျော်လောက်သာပြီးကြောင်း၊ ဓါတ်မြေဩဇာအလေအလွင့်များပြီး အပင်အတွက်ထိရောက်မှုမရှိနိုင်ကြောင်း တောင်သူများထံမှ သိရပါသည်။ ကြံခင်းဓါတ်မြေဩဇာချစက်ဖြင့် ကျဲပက်လျှင် အပင်မြစ်ခြေအထိ ဝင်ရောက်သည့် အတွက် ပိုမိုထိရောက်ပြီး အလေအလွင့်နည်းပါး၍ အထွက်နှုန်းပိုမိုထွက်ရှိမှာဖြစ်ပါသည်။

          စိန်ကမ္ဘာဦးကုမ္ပဏီသည် ဓါတ်ဆီအင်ဂျင်ဖြင့်သာ စက်ပစ္စည်းများထုတ်လုပ်နေရသည့် အတွက် အမှာရှိသလောက် ထုတ်လုပ်နိုင်မှုမရှိသေးကြောင်း၊ လျှပ်စစ်မီးများရရှိပါက စက်တန်ဘိုးလျော့၍ ရောင်းနိုင်မည် ဖြစ်သလို ကြံစိုက်တောင်သူများအနေနှင့်လည်း သက်သက်သာသာဖြင့် ဝယ်ယူအသုံးပြုနိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ပဲခူး)