Main menu

“ယာမြေများတွင်စိုက်ပျိုးသော ကုလားပဲ(ဆောင်း)များ စတင်ထွက်ပေါ်”

Powered by Drupal

  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကုလားပဲ (ဆောင်း) စိုက်ပျိုးမှုအနေဖြင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွင်း ကျောက်ဆည်မြို့နယ်တွင် (၂၈၄၂၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၆၃၀၄) ဧက၊ မြစ်သားမြို့နယ်တွင် (၃၃၆၁၂)ဧက၊ စုစုပေါင်း(၇၈၃၄၂)ဧကစိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ကုလားပဲ (ဆောင်း) ကို ယာမြေများ၌ အောက်တိုဘာလတွင် မိုးရေအစိုဓာတ်ဖြင့်စိုက်ပျိုးကြပြီး တချို့မှာမူ ရေစက်များဖြင့် ရေတင်၍စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ကုလားပဲကို မျိုးအနေဖြင့် V2 မျိုးနှင့် ရိုးရိုးကုလားပဲလုံးသေးမျိုးဟူ၍ (၂)မျိုးရှိပြီး V2 ကုလားပဲမျိုးကိုသာအများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် (၁)ဧကလျှင် မျိုးစေ့ ၁တင်း/ ၁တင်းခွဲနှုန်းခန့်ပတ်ကြဲရကြောင်း၊ တောင်သူများအနေဖြင့် ကုလားပဲမျိုးကို မျိုးချန်စနစ်ဖြစ်စိုက်ပျိုးကြသည့်အပြင် တချို့မှာမူ စိုက်ပျိုးချိန်ရောက်မှသာ စျေးကွက်အတွင်းမှ ဝယ်ယူ၍စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ယခုနှစ်စိုက်ပျိုးချိန်တွင် ကုလားပဲမျိုးစျေးနှုန်းအနေဖြင့် ကုလားပဲရိုးရိုးတစ်တင်းလျှင် (၇၈၀၀၀)ကျပ်၊ကုလားပဲ V2 တစ်တင်းလျှင် (၈၆၀၀၀)ကျပ်စျေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်းသိရှိရပါသည်။ ယာမြေများတွင်စိုက်ပျိုးသော အစောစိုက်ကုလားပဲများမှာ ယခုအချိန်တွင် စတင်ထွက်ရှိနေပြီဖြစ်ကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် (၇-၈)တင်းခန့်ထွက်ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် ယခင်နှစ် ကုလားပဲရိုးရိုးတစ်တင်းလျှင် (၅၃၀၀၀)ကျပ်၊ ကုလားပဲ V2 တစ်တင်းလျှင် (၆၃၀၀၀)ကျပ် စျေးနှုန်းတို့ရှိခဲ့ပြီး ယခုနှစ် ကုလားပဲစတင်ထွက်ပေါ်ချိန်တွင် ကုလားပဲရိုးရိုးတစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ ကုလားပဲ V2 တစ်တင်းလျှင် (၉၈၀၀၀)ကျပ်စျေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၄၃၀၀၀၀)ကျပ်ခန့်ရရှိကြောင်း တောင်သူတစ်ဦး၏ပြောပြချက်အရသိရှိရပါသည်။ ကုလားပဲစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာပြီး အချိန်ကုန်သက်သာကာ မိသားစုအပိုဝင်ငွေရရှိသောကြောင့် စိုက်ပျိုးသင့်သောသီးနှံဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)