Main menu

မှော်ဘီမြို့နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုးခြင်းလုပ်ငန်း

Powered by Drupal

     ရော်ဘာသည် ပြည်တွင်းစက်မှုလုပ်ငန်းအတွက်သာမက ပြည်ပပို့ကုန်များအတွက်လည်းအရေးပါသော စက်မှုကုန်ကြမ်းသီးနှံဖြစ်သောကြောင့် ရော်ဘာကို ခြံများဖြင့် စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင်လည်း BPM-24 အမျိုးအစားဖြစ်သော ရော်ဘာမျိုးများစိုက်ပျိုးကြပြီး စိုက်ဧကအားဖြင့် (၂၁၃၆)ဧကစိုက်ပျိုးထားကြောင်းသိရှိရပါသည်။ ရော်ဘာပင်၏သက်တမ်းမှာ (၃၅)နှစ်ခန့်ဖြစ်ပြီး တစ်ဧကလျှင် အပင် (၂၂၀)ဝင်ဆံ့ပြီး ပင်ကြား(၁၀)ပေ၊ တန်းကြား(၂၀)ပေထား၍စိုက်ပျိုးပါသည်။ ရော်ဘာစိုက်ပျိုးချိန်မှာ ဧပြီလတွင် တောခုတ်၊ မီးရှို့၊ မြေပြင်ခြင်းများဆောင်ရွက်ကာ အပင်ချရန်အတွက် နေရာသတ်မှတ်၍ ငုတ်ရိုက်ခြင်းများပြုလုပ်ပြီးနောက် မေလတွင် မြေချစိုက်ပျိုးရပါသည်။ ဇွန်လတွင် အပင်ခြေပတ်လည်၌ အဝိုင်းရှင်း၍ မြေတောင်မြှောက်ခြင်း၊ ပင်ကြားတန်းကြားပေါင်းရှင်းခြင်းတို့ဆောင်ရွက်ကာ စက်တင်ဘာလတွင် မြေဩဇာကျွေးခြင်းလုပ်ငန်းများဆောင်ရွက်ပါသည်။   ရော်ဘာပင်စိုက်ပျိုးပြီး အနည်းဆုံး (၇)နှစ်/ (၈)နှစ်ကြာမှသာ အစေးထုတ်ယူနိုင်ကြောင်း၊ အစေးမလှီးမီ အပင်များအား ဓာတ်စုံမြေဩဇာ (15:7:18:2) ကျွေး၍ အစေးလှီးချိန်၌ အပင်များအား ဓာတ်စုံမြေဩဇာ (15:15:6:4)ကို တစ်ပင်လျှင် ထမင်းစားဇွန်းတစ်ဇွန်းခွဲနှုန်းဖြင့် အပင်ပတ်လည်တွင် (၂)ပတ်လျှင် တစ်ကြိမ်ခြားဖြူးပေးရပါသည်။ အောက်တိုဘာလတွင် ပေါင်းရှင်းအစိုဓာတ်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီး နိုဝင်ဘာလမှ ဖေဖေါ်ဝါရီလအထိ အစေးခြစ်ခြင်းလုပ်ငန်းများဆောင်ရွက်ကာ မတ်လတွင် အရွက်ကြွေချိန်ဖြစ်သည့်အတွက် အစေးလှီးချိန် ရပ်နားရပါသည်။ မှော်ဘီမြို့နယ်၊ ဖူးကြီးကျေးရွာတွင် စိုက်ပျိုးတောင်သူ (၁၀)ဦးအနေဖြင့် (၅၈၅.၃၇)ဧက၊ လက်ပံတန်းစုကျေးရွာတွင်  စိုက်ပျိုးတောင်သူ(၆၆)ဦးအနေဖြင့် (၉၈၃.၅၄)ဧက၊ ဝါးနက်ချောင်းကျေးရွာတွင် စိုက်ပျိုးတောင်သူ(၆)ဦးအနေဖြင့် (၁၁၆)ဧက၊ အောက်ဝါးနက်ချောင်းကျေးရွာတွင် စိုက်ပျိုးတောင်သူ(၃)ဦးအနေဖြင့် (၁၁၅)ဧက၊ ဘိုးဒနကုန်းကျေးရွာတွင် စိုက်ပျိုးတောင်သူ (၁၁)ဦးအနေဖြင့် (၂၅၅.၆၆)ဧက၊ တပ်နယ်မြေတွင် (၈၀.၄၃)ဧကဖြင့် စုစုပေါင်း (၂၁၃၆)ဧကစိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)