Main menu

“ခရမ်းချဉ်စိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

      ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းစသည့် သီးနှံများအပြင် စားဖိုဆောင်သီးနှံဖြစ်သော ခရမ်းချဉ်သီးကိုလည်း စီးပွားဖြစ် စိုက်ပျိုးလာကြပါသည် ။ ကျောက်ဆည်ဒေသသည်ဆည်ရေသောက်စနစ်မှ တစ်နှစ်ပတ်လုံးရေရရှိသောကြောင့် ရာသီအလိုက် သီးနှံများအားစိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးကို ရာသီမရွေးစိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးရာတွင် ပျိုးထောင်ပြီး ပျိုးပင်တစ်လသားမှတစ်လခွဲသား အချိန်တွင် ထွန်ယက်ပြုပြင်၍ ဘောင်ဆွဲထား သောမြေပေါ်တွင် ရွှေ့ပြောင်းစိုက်ပျိုးရကြောင်း၊ နှစ်လမှ နှစ်လခွဲအချိန်တွင် ခရမ်းချဉ်သီးများစတင် ခူးဆွတ်နိုင်ကြောင်း၊ စတင်ခူးဆွတ်ချိန်တွင်(၁)ဧကလျှင်ပိဿာချိန်(၂၀-၃၀)ဝန်းကျင်ထွက်ရှိကြောင်း၊ အသီးတင်မှုအနည်းအများပေါ်မူတည်၍ (၄-၅)ရက်ခြားတစ်ကြိမ် ခူးဆွတ်နိုင်ကြောင်း ၊ အထွက်နှုန်း အများဆုံးအချိန်တွင် (၁)ဧကလျှင် ပိဿာချိန်(၂၀၀-၂၅၀)ဝန်းကျင်ထွက်ရှိကြောင်း ၊ စတင်ခူးဆွတ် သည်မှ အပင်သက်တမ်းနှစ်လခွဲမှသုံးလအထိ ခူးဆွတ်နိုင်ကြောင်း သိရှိရပါသည်။ (၁)ဧကကုန်ကျစရိတ် အနေဖြင့် ပျိုးထောင်သည်မှ မြေပြင်စိုက်ပျိုးစရိတ် ၊ သွင်းအားစု ၊ လုပ်သားခ ၊ စုစုပေါင်း(၅၀၀၀၀၀-၆၀၀၀၀၀)ကျပ်ဝန်းကျင် ကုန်ကျကြောင်း သိရှိရပါသည် ။ ထွက်ရှိလာသော ခရမ်းချဉ်သီးများကို ဒေသတွင်းလက်လီရောင်းချမှုရှိသလို ကျောက်ဆည်၊မန္တလေးမြို့များရှိ ကုန်စိမ်းဒိုင်များသို့လည်း တင်ပို့ ရောင်းချကြောင်း၊ ယခင်လတွင် ခရမ်းချဉ်သီးစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင်(၁၂၀၀-၁၅၀၀)ကျပ် အထိရှိသော်လည်း ယခုအချိန်တွင် (၁၀၀၀-၁၂၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည် ။ (၁)ဧက အကျိုးအမြတ်အနေဖြင့် အသီးထွက်ရှိမှုနှင့် စျေးနှုန်းအပေါ်မူတည်၍ (၅၀၀၀၀၀-၇၀၀၀၀၀)ကျပ် ဝန်းကျင်အထိ ရရှိသောကြောင့် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ခရမ်းချဉ်စိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)