Main menu

ရွှေတောင်မြို့တွင် ပန်းဂေါ်ဖီစိုက်တောင်သူများ ယခင်နှစ်ထက်အကျိုးအမြတ်ပိုမိုရရှိ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပန်းဂေါ်ဖီစိုက်ပျိုးသူတောင်သူ (၁၅)ဦးရှိပြီး စိုက်ပျိုးဧကမှာ (၆)ဧကစိုက်ပျိုးထားရှိကြောင်း သိရပါသည်။ ထို့ကြောင့် စားသုံးသူ ရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦး နှင့်ဝန်ထမ်းများသည် (၅.၂.၂၀၂၄) နေ့ ၊နေ့လယ်ပိုင်းတွင် ကျီးသဲကျေးရွာအုပ်စု၊ ညောင်လှကျေးရွာရှိ ပန်းဂေါ်ဖီ စိုက်တောင်သူ ဦးမောင်မောင်လွင်နှင့် တွေ့ဆုံ၍မေးမြန်းခဲ့ပါသည်။

     အဆိုပါတောင်သူမှ စိုက်ပျိုးသော ပန်း‌ဂေါ်ဖီမျိုးမှာ ဘူးမန်း(153) မျိုးကို (.၂၅)ဧကစိုက်ပျိုး ထားရှိကြောင်း သိရပြီး ကုန်ကျစရိတ်အနေဖြင့် (၂)သိန်းကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီ (.၂၅)ဧကတွင် ရောင်းတန်းဝင် ပန်းပွင့် ၃၀၀၀ ခန့်ထွက်ရှိကြောင်း သိရပါသည်။ ယခင်နှစ်တွင်လည်း ပန်းဂေါ်ဖီ (.၂၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ကုန်ကျစရိတ်မှာလည်း ယခုနှစ်အတိုင်း ကုန်ကျပြီး ပန်းပွင့်ထွက်ရှိမှုမှာလည်း ယခုနှစ်ကအတိုင်းထွက်ရှိကြောင်း သိရပါသည်။ ယခင်နှစ်တွင် ပန်းဂေါ်ဖီတစ်ပွင့်လျှင် ခြံဈေး ၂၀၀ကျပ်ဖြင့် ရောင်းချပြီး ရောင်းရငွေမှာ (၆)သိန်းကျော်ရရှိပြီး အသားတင်အမြတ်အနေဖြင့် (.၂၅)ဧကတွင် (၄)သိန်းကျပ်ခန့်ကုန်ကျကြောင်း သိရပါသည်။

   ယခုနှစ်တွင် ပန်းဂေါ်ဖီဈေးနှုန်းမှာ တစ်ပွင့်လျှင် ခြံဈေး ၃၀၀ကျပ်ခန့်ရရှိ၍ ရောင်းရငွေမှာ (၉)သိန်းဝန်းကျင်ခန့်ရရှိသဖြင့် အသားတင်အမြတ်မှာ (၇)သိန်းကျပ်ခန့် ရရှိကြောင်း သိရှိရပါသည်။ ထွက်ရှိလာသောပန်းဂေါ်ဖီများကို အနီးတဝိုက်ရှိ မြို့များနှင့် ရန်ကုန်မြို့သို့တင်ပို့ကြောင်း သိရပါသည်။ ထို့ကြောင့် ပန်းဂေါ်ဖီစိုက်ပျိုးသူတောင်သူများအနေဖြင့် ယခင်နှစ်ထက် ယခုနှစ်တွင် အမြတ်အစွန်းများပိုမိုရရှိသဖြင့် ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်လျှင် ဝင်ငွေများစွာရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)