Main menu

သနပ္ပင်မြို့တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်းသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၉ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်၌ သနပ္ပင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်စပ်လျဉ်း၍ Talk Show အစီအစဉ်ဖြင့် ကျင်းပပြုလုပ်၍   အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

      အဆိုပါစကားဝိုင်းတွင် ဌာနခွဲတာဝန်ခံက ကုန်စည်များတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက် စသည့်ကုန်အညွှန်းအမှတ်အသားများကို  မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထပ်ပို၍ဖြစ်စေတွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကြည့်ရှု၍ ဝယ်ယူသုံးစွဲမှသာလျှင် ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ ထုတ်လုပ်သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြ၍ ထုတ်လုပ်ရန်လိုအပ်ကြောင်းဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

       ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်တွင် ထုတ်လုံတာဝန်ခံ ဦးကျော်ဆန်းဝင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သနပ္ပင်မြို့နယ်တာဝန်ခံ ဒေါ်ညိုပြာလည်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)