မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင် ကြက်သွန်နီဈေးကွက်သို့ မိုးကြက် သွန်နီများ ဖေဖော်ဝါရီလ(၁)ရက်မှ (၈)ရက်နေ့ထိ ကြက်သွန်နီလှိုင်လှိုင်တူးဖော်လျက်ရှိသော ဒေသများဖြစ်သော ဆိပ်ဖြူမြို့အနောက်ပိုင်း၊ ရွာသစ်ရပ်ကွက်၊ ကိုးတောင့်အုပ်စု၊ ချင်တောင်အုပ်စု၊ မြင်ကဝအုပ်စုအတွင်းရှိ ကျေးရွာများနှင့် ဆင်ဖြူကျွန်း၊ တညောင်၊ စလင်း၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများကုန်စည်ဒိုင်သို့ နေ့စဉ်ပိဿာ(၆)သောင်းခန့် တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၄) သိန်းခန့် ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။
ကြက်သွန်နီဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ဈေးမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မိုးကြက်သွန်နီ(ဂျွန်)တစ်ပိဿာလျှင် ထိပ်စ အမြင့်ဈေး ကျပ် (၁၇၅၀-၁၇၂၅-၁၇၀၀)၊ အလတ်စကျပ်(၁၆၅၀-၁၆၀၀-၁၅၀၀)၊ အနိမ့်စကျပ်(၁၃၀၀-၁၂၀၀-၁၀၀၀) အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဇန်နဝါရီ(စတုတ္ထပတ်)အနှောင်းပိုင်းတွင် ကြက်သွန်နီ ထိပ်စတစ် ပိဿာလျှင် အမြင့်ဈေးမှာ ကျပ်(၁၅၅၀-၁၅၂၅-၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုတစ်ပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ထိပ်စ ကျပ်(၂၀၀)၊ အလတ်စနှင့်အသေးစ ကျပ်(၁၀၀)ခန့် ဈေးမြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုတစ်ပတ်တွင် မိုးကြက်သွန်နီများ ပြည်ပ အဝယ်လိုက်၍ ဈေးအနည်းငယ်မြင့်တက်ကြောင်း၊ ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပြည်၊ ပုသိမ်မြို့နှင့် မြဝတီမြို့မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ ကြက်သွန်နီကုန်ချိန် ပိဿာ(၅)သိန်းခန့်၊ တန်ချိန်(၈၁၆)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။
DOCA(မကွေး)