Main menu

အထက်မင်းလှမြို့နယ်၏ ကျောက်စည်၊ ကျောက်ခွေလုပ်ငန်း

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၌ ကျောက်စည်၊ ကျောက်ခွေလုပ်ငန်းကို တစ်နိုင်တစ်ပိုင်စီးပွားဖြစ်လုပ်ကိုင်ကြကြောင်းသိရှိရပါသည်။

    မင်းလှမြို့နယ်၌ ကျောက်စည်၊ ကျောက်ခွေလုပ်ငန်းလုပ်ကိုင်ကြသည့် လုပ်ငန်းရှင်မှာ (၈)ဦးခန့်ရှိကြောင်း၊ တချို့မှာ စိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲ၍ လုပ်ကိုင်ကြကြောင်းသိရှိရပါသည်။ မင်းလှမြို့အနီး၊ ပန်းတော်ပြင်ကျေးရွာယာကွက်၌ လုပ်ကိုင်လျက်ရှိသည့် ဦးသန်းစိုး၏ ကျောက်စည်၊ ကျောက်ခွေလုပ်ငန်းမှာ သက်တမ်း(၈)နှစ်နီးပါးရှိပြီး ရေထည့်သည့် ကျောက်စည်၊ ခြံစည်းရိုးကျောက်တိုင်၊ အိမ်ဆောက်ရန်သံဖိနပ်၊ အိမ်သာကျောက်ခွေနှင့် ကျောက်ပန်းအိုးအမျိုးမျိုးတို့ကို ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ လုပ်သား(၄)ဦးခန့်ကို တစ်နေ့လျှင် ကျပ်(၅၀၀၀မှ ၈၀၀၀)ထိပေး၍ ငှားရမ်းရပြီး ကုန်ကြမ်းအနေဖြင့် ဘိလပ်မြေ၊ သဲကြမ်း၊ သဲနု၊ ကျောက်စရစ်နှင့် သံချောင်းအသေးတို့ကိုအသုံးပြုကြောင်း၊ ဈေးနှုန်းများအနေဖြင့် ရေထည့် ကျောက်စည်(၁)စည်လျှင် အကြီး၊ အလတ်၊ အသေးအရွယ်အစားပေါ်မူတည်၍ ကျပ်(၁၆၅၀၀ - ၉၀၀၀ - ၃၅၀၀)၊ ခြံစည်းရိုးကျောက်တိုင် (၁) တိုင်လျှင် အတွင်း၌ တစ်မတ်လုံး သံချောင်း(၁)ချောင်းမှ (၃)ချောင်းအထိ ပါဝင်မှုပေါ်မူတည်၍ ကျပ် (၆၅၀၀မှ ၉၀၀၀)၊ အိမ်ဆောက်ရာတွင်အသုံးပြုသည့် သံဖိနပ်(၁)ခုလျှင် အရွယ်အစားပေါ်မူတည်၍ ကျပ်(၁၀၀၀၀-၈၅၀၀-၄၀၀၀)၊ ကျောက်ခွေ (၁)ခွေလျှင် အကြီး၊ အသေးအရွယ်အစား (၂)မျိုးသာထုတ်လုပ်ပြီး ကျပ်(၈၅၀၀-၆၅၀၀) ဈေးနှုန်းဖြင့်ရောင်းချပြီး ကျောက်ခွေအဖုံးဈေးနှုန်းမှာ ကျပ် (၆၅၀၀-၃၅၀၀)ဖြစ်ကြောင်း၊ ကျောက်ပန်းအိုးဈေးနှုန်းများမှာ အကြီး၊ အလတ်၊ အသေးဟူ၍ ရှိပြီး (၁)လုံးလျှင် ကျပ်(၅၀၀၀-၄၅၀၀-၃၅၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

     ထုတ်ကုန်များပြုလုပ်ရာ၌ ကုန်ကြမ်းဈေးများအနေဖြင့် ကြံနှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၈၀၀)၊ ကျောက်စရစ် (၁)ကျင်းလျှင် ကျပ်(၅၀၀၀၀)၊ သဲနု(၁)ကျင်းလျှင် ကျပ်(၃၀၀၀၀)၊ သဲကြမ်း(၁)ကျင်းလျှင် ကျပ်(၂၅၀၀၀)၊ တစ်မတ်လုံးသံချောင်းအရှည်(၁)ပိဿာလျှင် ကျပ်(၃၅၀၀-၄၅၀၀) ပေးရပြီး မင်းလှမြို့ပေါ်မှ ဝယ်ယူကြောင်းသိရှိရပါသည်။ တစ်နေ့လျှင် ပုံမှန်ဘိလပ်မြေအိတ်(၄)အိတ်နီးပါးကုန်ကျပြီး အမှာရှရှိသည့်အတိုင်း ပြုလုပ်ပေးရကြောင်း၊ တစ်နေ့တာကုန်ကျစရိတ်အနေဖြင့် လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၁၀၀၀၀၀)အထက်ကုန်ကျကြောင်း၊ ရောင်းချမှုအနေဖြင့် မင်းလှမြို့ပေါ်နှင့် မြို့အနီးပတ်ဝန်းကျင်ရွာများမှ အဓိကဝယ်ယူကြကြောင်း၊ ယခု၂၀၂၄ခုနှစ်တွင် ကျောက်စည်၊ ကျောက်ခွေလုပ်ငန်းမှာ အရောင်းအဝယ်အနည်းငယ်အေးလျက်ရှိပြီး လုပ်ကိုင်သည့်လုပ်ငန်းရှင်အပြိုင်အဆိုင်ရှိလာခြင်း၊ ကျေးရွာများမှ အဝယ်နည်းလာခြင်းတို့ကြောင့် ယခင်နှစ်လောက် အရောင်းအဝယ်မများသော်လည်း ပုံမှန်အနေအထားဖြင့်ရောင်းချနေရ၍ လုပ်ငန်းအနေဖြင့် လည်ပတ်နေနိုင်ကြောင်း ကျောက်စည်၊ ကျောက်ခွေလုပ်ငန်းလုပ်ကိုင်သော မင်းလှမြို့တွင် နေထိုင်သည့် ဦးသန်းစိုးထံမှသိရှိရပါသည်။ 

DOCA(မကွေး)