Main menu

ပွင့်ဖြူမြို့နယ်ရှိ မေမြို့ပန်းစိုက်တောင်သူများအဆင်ပြေလျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ရွာသာကုန်း၊ ပေါက်စု၊ ချွန်းစုကျေးရွာရှိ တောင်သူများသည် မြေအောက်ရေကိုအသုံးပြု၍ မေမြို့ပန်းများစိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ်တွင် အပင်များအောင်မြင်ဖြစ်ထွန်းပြီး နုတ်ယူရောင်းချချိန်၌ ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

   မေမြို့ပန်းအမျိုးမျိုးရှိရာ အက်စတာ၊ ကြက်လည်ဆံ၊ ရိုးစိမ်းကျောက်နီ၊ ခိုပြာမျိုးများကို ပိုမိုအားထားစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ယခင်နှစ်ကချန်ထားခဲ့သော မျိုးစေ့များကို ပျိုးထောင်စိုက်ပျိုးကြောင်း၊ တန်ဆောင်မုန်းလတွင် စတင်စိုက်ပျိုးကြပြီး အပင်သက်တမ်း(၃)လခန့်ရှိလျှင် ဈေးကွက်တွင် ရောင်းချနိုင်ကြောင်း၊ ဆောင်းရာသီတွင်စိုက်ပျိုးလျှင် အပင်များပိုမိုအောင်မြင်ဖြစ် ဩထွန်းပါဩဩကြောင်း၊ အပင်ကို ပေါင်ဖော်၍စိုက်ပျိုးရပြီး ရေဝပ်ခြင်းကိုမကြိုက်ကြောင်း၊ မြေတောင်မြှောက်ခြင်း၊ ပေါင်းထိုးခြင်း၊ ခေါင်နှိမ်ခြင်းများလည်းပြုလုပ်ပေးရကြောင်း၊ တစ်ပတ်လျှင်တစ်ကြိမ် မြေဩဇာကျွေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းပြုလုပ်ပေးရကြောင်း၊ သို့မှသာ အပင်ပိုးမကျဘဲ ရောင်းပန်းလှကြောင်း၊ ဈေးကွက်အနေဖြင့် စလင်း၊ ဆင်ဖြူကျွန်း၊ မင်းဘူး၊ စကု၊ ချောက်၊ မကွေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ဘုရားပန်းလှူခြင်း၊ အလှူ၊ မင်္ဂလာဆောင်၊ ဧည့်ခံပွဲများတွင် အသုံးများလေ့ရှိကြပြီး  ယခု၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် မေမြို့ပန်းတစ်ပင်လျှင် ကျပ်(၁၀၀)ခန့်ထိဈေးရရှိကာ ဝယ်လိုအားပေါ်မူတည်၍ အပင်ရေများများခူးဆွတ်ရောင်းချရသဖြင့်  မေမြို့ပန်းစိုက်ပျိုးသူတောင်သူများအနေဖြင့် ပုံမှန်ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း  ရွာသာကုန်းကျေးရွာရှိ မေမြို့ပန်းစိုက်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)