Main menu

ဆိပ်ဖြူကြက်သွန်နီ၏ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသော ဈေးကွက်အခြေအနေနှင့် ကုန်စည်စီးဆင်းမှု

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင်ကြက်သွန်နီဈေးကွက်သို့ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် မိုးကြက်သွန်နီများလှိုင်လှိုင်တူးဖော်လျက်ရှိသည့် ဒေသများဖြစ်သော ဆိပ်ဖြူမြို့အနောက်ပိုင်း၊ ရွာသစ်ရပ်ကွက်၊ ကိုးတောင့်အုပ်စု၊ ချင်တောင်အုပ်စု၊ မြင်ကဝအုပ်စုအတွင်းရှိကျေးရွာများနှင့် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်ရှိသော ကြက်သွန်နီများမှာ ဥပုသ်နေ့မှလွဲ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိရာ တစ်ရက်လျှင် ကုန်ချိန်ပိဿာ(၄)သောင်းမှ (၈)သောင်းအထိ တစ်ပတ်အတွင်း ပိဿာ(၃)သိန်းခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။

     ကြက်သွန်နီဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် ကြက်သွန်နီဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မိုးကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ထိပ်စ ကျပ်(၂၁၀၀)၊ အလတ်စ ကျပ်(၁၈၇၅)၊ အနိမ့်စ ကျပ်(၁၄၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်ဖေဖော်ဝါရီ(ပထမပတ်)တွင် ကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၇၅၀)၊ အလတ်စ ကျပ်(၁၆၀၀)၊ အနိမ့်စ ကျပ်(၁၃၀၀) စသည့်ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

     ယခင်အပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုဖေဖော်ဝါရီ (ဒုတိယပတ်)တွင် မိုးကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေးထိပ်စ ကျပ်(၃၅၀)၊ အလတ်စ ကျပ်(၂၀၀)၊ အသေးစ ကျပ်(၁၀၀)ခန့် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသတွင်းကြက်သွန်နီစိုက်ခင်းများလျော့နည်းသွားပြီး ဈေးကွက်သို့ ကုန်ချိန်ဝင်ရောက်မှုလျော့နည်းသွားခြင်းနှင့် ပြည်ပအဝယ်လိုက်ခြင်းကြောင့် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရပါသည်။ 

     ဆိပ်ဖြူမြို့မှထွက်ရှိသည့် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပြည်၊ ပုသိမ်မြို့နှင့် မြဝတီမြို့မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ ကြက်သွန်နီကုန်ချိန်ပိဿာ (၄)သိန်း ခန့်၊ တန်ချိန်အားဖြင့် (၆၅၃)တန်ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)