Main menu

စလင်းဒေသထွက် “မြတ်နိုး” ပြောင်းဖူးကြော်လုပ်ငန်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မွန်မွန်သက် (ဒုတိယဦးစီးမှူး)သည် မင်းဘူးမြို့ပေါ်ရှိလုပ်ငန်းရှင်များအား ထုတ်လုပ်သည့်ကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြနိုင်ရေးရည်ရွယ်၍  (၂၀-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စလင်းမြို့၊ မြေမိကုန်းရပ်ကွက်ရှိ မြတ်နိုးအမှတ်တံဆိပ် ပြောင်းဖူး ကြော်လုပ်ငန်းသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်း၍ တွေ့ဆုံမေးမြန်းခြင်းဆောင်ရွက်ခဲ့ပါသည်။ 

     ထိုသို့တွေ့ဆုံမေးမြန်းရာတွင် လုပ်ငန်းရှင်မှာ ၎င်းအနေဖြင့် ပြောင်းဖူးကြော်လုပ်ငန်းကို လုပ်ကိုင်ခဲ့ရာမှာ (၅) နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ပြောင်းဖူးကြော်ရာတွင် ပြောင်းဖူးစေ့အခြောက်ကိုသာအသုံးပြုပြီး ဆင်ဖြူကျွန်းမြို့ရှိပွဲရုံများမှ (၁)တင်းခွဲဝင်တစ်အိတ်ကို အိမ်အရောက် ကျပ်(၃၇၀၀၀)ပေး၍ဝယ်ယူရကြောင်း၊ ပြောင်းဖူးစေ့ကို မကြော်မီ ရေနှင့်သေချာသန့်စင်ပြီး ပြုတ်ရကြောင်း၊ ပြုတ်ပီး သားပြောင်းဖူးစေ့များကို ဆားအနည်းငယ်၊ အရသာမုန့်အနည်းငယ်နှင့်နယ်ပြီး ခြောက်စေရန်အတွက် နေ(၂)ရက်ခန့်လှန်းထားရကြောင်း၊ ထို့နောက် နေလှန်းပြီးသားပြောင်းဖူးစေ့များကို ဆီပူတွင်ထည့်၍ ကြော်ရကြောင်း၊ ပြောင်းဖူးစေ့များရွလာသောအခါတွင် ဆယ်ယူပြီး အအေးခံကာ ကျပ်(၅၀၀)၊ ကျပ်(၁၀၀၀)အထုပ်များထုပ်ပြီး ဆင်ဖြူကျွန်း၊ ချောက်၊ ညောင်ဦး၊ ပုဂံဒေသများနှင့် ရှောက်တော၊ ပွင့်ဖြူ၊ လယ်ကိုင်ကျောင်းတော်ရာဒေသများသို့တင်ပို့ကြောင်း၊ တစ်နေ့လျှင် (၁၀)ပြည်ခန့်ကြော်ရပြီး ဆီအနေဖြင့် (၅)ပိဿာခန့်ကုန်ကျကြောင်း၊ ပြင်ပလုပ်အားမခေါ်ယူဘဲ မိသားစုဝင်(၅)ဦးဖြင့်သာ လုပ်ကိုင်ဆောင်ရွက်ကြောင်း၊ အညာလက်ဆောင်အနေဖြင့် ဝယ်ယူကြရာ ရောင်းအားမှာ တွင်ကျယ်ကြောင်း လုပ်ငန်းရှင်၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မကွေး)