Main menu

မကွေးမြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

Powered by Drupal

    ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးနှင့် မကွေးမြို့နယ်တာဝန်ခံတို့တက်ရောက်ခဲ့ပြီး မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ထူးနှင့် မကွေးခရိုင်၊ ခရိုင်ဥပဒေအရာရှိ ဦးဆွေလင်းထွန်းတို့က ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ထူးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို “၂၀၁၀ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့်ပြဋ္ဌာန်းခဲ့ပြီး (၁၀-၂-၂၀၂၄)ရက်နေ့မှစ၍ အာဏာတည်စေရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ပြန်ကြေညာခဲ့ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အား (၁၃-၂-၂၀၂၄)ရက်နေ့တွင် ဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများအနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ထားပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်တို့ဖြင့် ပူးပေါင်းပါဝင်ကြရန် ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ မကွေးခရိုင်၊ ခရိုင်ဥပဒေအရာရှိ ဦးဆွေလင်းထွန်းက (၁၀-၁-၂၀၂၄)နေ့တွင်ထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ၌ ပုဒ်မ (၃၃)ခုပါဝင်ကြောင်း၊ ပုဒ်မ (၂)၊ (ခ)တွင် စစ်မှုထမ်းဆောင်ရမည့် အသက်/ အရွယ်အစားများမှာ အမျိုးသားများ အသက်(၁၈)နှစ်မှ (၃၅)နှစ်အထိ၊ ပညာရှင်ဖြစ်ပါက အသက်(၁၈)နှစ်မှ (၄၅)နှစ်အထိ၊ အမျိုးသမီးများ အသက်(၁၈)နှစ်မှ (၂၇)နှစ်အထိ၊ ပညာရှင်ဖြစ်ပါက (၃၅)နှစ်ထိဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် (၂၄)လထမ်းဆောင်ရမည်ဖြစ်ပြီး အရေးပေါ်ကာလဖြစ်ပါက (၅)နှစ်ထိထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ကင်းလွတ်ခွင့်ရရှိသူများမှာ (၁) သာသနာ့ဝန်ထမ်းများ၊ (၂)အိမ်ထောင်ရှိသောအမျိုးသမီးများ၊ (၃) ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ၊ (၄) တပ်မတော်ဆေးစစ်ရေးအဖွဲ့မှ စစ်မှုထမ်းဆောင်ရန်မသင့်ဟု သတ်မှတ်ခံရသူများနှင့် ပြည်သူ့စစ်မှုထမ်းခေါ်ယူရေးဗဟိုအဖွဲ့မှ ကင်းလွတ်ခွင့်ပြုသူများဖြစ်ကြောင်း၊ စစ်မှုထမ်းဆောင်ရန်ပျက်ကွက်သူများအား ပြစ်ဒဏ်အနေဖြင့် ပုဒ်မ(၂၃)အရ ထောင်ဒဏ် (၃)နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ် (၂)ရပ်လုံးကိုဖြစ်စေ ကျခံရမည်ဖြစ်ပြီး စစ်မှုထမ်းဆောင်ခြင်းကိုရှောင်လွှဲလို၍ ရောဂါရှိဟန်ဆောင်သူ၊ မသန်မစွမ်းဖြစ်ဟန်ဆောင်သူများ၊ မိမိကိုယ်ကို ထိခိုက်အနာတရဖြစ်အောင်လုပ်သူများအား ထောင်ဒဏ်(၅)နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်(၂)ရပ်လုံးကိုဖြစ်စေ အားပေးကူညီသူများအား ပုဒ်မ(၂၆)အရ ထောင်ဒဏ်(၁)နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်(၂)ရပ်လုံးကိုဖြစ်စေ ကျခံရမည်ဖြစ်ပြီး ပြစ်ဒဏ်ကျခံပြီးသော်လည်းကောင်း စစ်မှုထမ်းတာဝန်ကို အဖြစ်မဖြစ်မနေထမ်းဆောင်ရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲသို့ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း(၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)