Main menu

ပခုက္ကူဒေသထွက် မြေပဲသီးနှံနှင့် မြေပဲဆံဈေးကွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း စိုက်ပျိုးရေးဌာန၏စာရင်းအရ မြေပဲစိုက်ဧက (၁၅၄၁၅၂)ဧကရှိပြီး ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူနယ်နှင့် ယောနယ်များတွင် ဆောင်းမြေပဲကို အောက်တိုဘာလမှ ဒီဇင်ဘာလထိစိုက်ပျိုးကြပြီး ယခုအချိန် ဇန်နဝါရီလမှ မတ်လထိအချိန်သည် ဆောင်းမြေပဲများရိတ်သိမ်းနေဆဲဖြစ်သည်။ (၃)လပဲ၊ (၆)လပဲမျိုးများကိုစိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်းမှာ ပျမ်းမျှအားဖြင့် တင်း(၄၅-၅၅)နှုန်းထွက်ရှိကြောင်းသိရှိရပါသည်။

      ယောနယ်မှထွက်သော မြေပဲမျိုးမှာ အရည်အသွေးပိုကောင်းသောကြောင့် အရောင်းအဝယ်ဖြစ်မှုအများဆုံးဖြစ်ကြောင်း၊ ထွက်ရှိလာသောမြေပဲများကို ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံများသို့ လာရောက်ရောင်းချပြီး  ပွဲရုံများမှတစ်ဆင့် မြေပဲခွဲစက်များနှင့် ဆုံဆီလုပ်ငန်းများ၊ စက်ပဲဆီလုပ်ငန်းများ၊ မြို့ပေါ် ရှိ ပဲလှော်၊ ပဲကြော်လုပ်ငန်းရှင်များနှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

       မြေပဲအရောင်းအဝယ်အများဆုံးဖြစ်သော ပွဲရုံများသို့ တစ်ပတ်လျှင် အိတ်ရေ(၄၀၀-၅၀၀)ဝင်ရောက်ပြီး ယခု၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ(တတိယပတ်)တွင် မြေပဲတောင့်တစ်ပိဿာလျှင် အရည်အသွေးကိုလိုက်၍ ကျပ်(၄၂၀၀-၄၆၀၀) ဝယ်ယူရကြောင်း၊ ဝယ်ယူရရှိသော မြေပဲတောင့်များကို ဒေသတွင်းမြေပဲခွဲစက်များသို့ ပြန်လည်ရောင်းချကြောင်းသိရှိရပါသည်။

      မြေပဲဆံဈေးများအနေဖြင့် ယခုဖေဖေါ်ဝါရီလ (တတိယပတ်)တွင် မြေပဲဆံအဖြူတစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ ဗြန့်လုံးဆံပဲတစ်ပိဿာလျှင် ကျပ်(၆၂၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်နှစ် ဖေဖေါ်ဝါရီလတွင် မြေပဲဆံတစ်ပိဿာလျှင် ကျပ်(၇၀၀၀-၇၂၀၀)ရှိခဲ့ပြီး ယခုနှစ်တွင် ဈေးနှုန်းအနည်းငယ်ကျနေသည်ကိုတွေ့ရှိရပါသည်။ ဆုံဆီလုပ်ငန်းများ၊ စက်ပဲဆီလုပ်ငန်းများလည်းလည်ပတ်လျက်ရှိရာ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ စက်ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၂၈၀၀)၊ မြေပဲဖတ်တစ်ပိဿာလျှင် ကျပ်(၂၆၀၀)နှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

     တောင်သူများအနေဖြင့် ယခင်နှစ်၌ မြေပဲတစ်ဧကလျှင် အထွက်နှုန်းမှာ ပျမ်းမျှအားဖြင့် တင်း (၆၀)ခန့်ရှိခဲ့ပြီး ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးသောကြောင့် အထွက်နှုန်းမှာ ပျမ်းမျှအားဖြင့် တင်း(၄၅-၅၅)နှုန်းထွက်ရှိသော်လည်း စိုက်ဧကများမှာ ယခင်နှစ်ထက် ဧက (၂၀၀၀၀)ကျော်ပိုမိုစိုက်ပျိုးနိုင်သောကြောင့် အမြတ်အစွန်းများရရှိလျက်ရှိကြောင်း မြေပဲစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။

      ရန်ကုန်-မန္တလေးမြို့ကြီးများမှတစ်ဆင့် ပြည်ပဈေးကွက်ထိတင်ပို့ရပြီး ဈေးကွက်ခိုင်မာမှုရှိသောကြောင့် မြေပဲစိုက်ဧကများကို တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း မြေပဲစိုက်တောင်သူထံမှ သိရှိရပါသည်။

DOCA(မကွေး)