Main menu

သုံးခွမြို့နယ်၌ ပဲတီစိမ်းနှင့် ပဲတီရွှေဝါများ စတင်ထွက်ပေါ်

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ သုံးခွမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပြည်ပသို့တင်ပို့နိုင်ရန်အတွက် အားထားစိုက်ပျိုးသည့် ပဲတီစိမ်းနှင့်ပဲတီရွှေဝါစိုက်ပျိုးရေးကို တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် (၂၀၂၃-၂၀၂၄) ခုနှစ်တွင် စိုက်ဧက(၁၄၀၃၆၃)ဧကအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်တွင် စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်းသိရှိရပါသည်။

     သုံးခွမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးမြေကောင်းမွန်မှုနှင့် စိုက်ပျိုးရေးအဆင်ပြေမှုတို့ကြောင့် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး နှစ်စဉ် ဆောင်းသီးနှံဝင်ငွေတိုးပွားစေရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပြည်ပဝင်ငွေရရှိနိုင်ရေးအတွက် ပဲတီစိမ်းနှင့်ပဲတီရွှေဝါသီးနှံတို့ကို အဓိကစိုက်ပျိုးခဲ့ရာ (၂၀-၂-၂၀၂၄) ရက်နေ့အထိ ရိတ်သိမ်းဧက (၄၀၉၄၅)ဧကရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၅.၇၇)တင်းပျှမ်းမျှထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှသိရှိရပါသည်။ ပဲတီစိမ်းစိုက်ပျိုးသည့် ရှမ်းစု၊ ရေပေါ်ကန်၊ နံယော၊ ထုံးကြီး၊ ကံမြင့်၊ ပုလဲ၊ သိုက်တူးကန်၊ ပျဉ်မကန်၊ သုံးခွ၊ အနောက်ကျေးရွာများဖြစ်သော သစ်ပဒတ္ထိုင်း၊ ထုံးကြီး၊ အဇန်းတောဇွန်း၊ ဘုရားကြီး၊ တကော၊ ဇီးဖြူပင်၊ တံခွန်တိုင် စသည့်ကျေးရွာများတွင် ပဲတီစိမ်းနှင့် ပဲတီရွှေဝါသီးနှံများကို ခူးဆွတ်စတင်ထွက်ပေါ်နေပြီဖြစ်ကြောင်း၊ ထွက်ရှိလာသည့်ပဲများအား Bright Light Co.,Ltd နှင့် တခြားအဝယ်ဒိုင်များက ဒေသပေါက်ဈေးများဖြင့် ဝယ်ယူပေးလျက်ရှိကြောင်း၊  ယခုအချိန်တွင် ရေဆင်းမျိုး ပဲတီစိမ်းတစ်တင်းလျှင် (၈၀၀၀၀)ကျပ်၊ ပဲတီရွှေဝါတစ်တင်းလျှင် (၈၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်ကာလတူဈေးနှုန်းမှာ ရေးဆင်းမျိုးပဲတီစိမ်းတစ်တင်းလျှင် (၇၉၅၀၀)ကျပ်၊ ပဲတီရွှေဝါမျိုးမှာ တစ်တင်းလျှင် (၈၂၀၀၀) ကျပ်ဖြစ်ခဲ့သဖြင့် ယခင်နှစ်နှင့် ယခုနှစ်ဈေးနှုန်းတို့မှာ သိသိသာသာကွာခြားမှုမရှိကြောင်းတွေ့ရှိရပြီး ပဲတီစိမ်းနှင့် ပဲတီရွှေဝါမျိုးများသည် ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လ လဆန်းပိုင်းတွင် နှစ်စဉ်လှိုင်လှိုင်ထွက်ပေါ်လာနိုင်ကြောင်း ဒေသခံပဲစိုက်တောင်သူများထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)