Main menu

ပြည်ခရိုင်၊ ပြည်မြို့၏မြေပဲဆံဈေးနှုန်းဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် မိုးမြေပဲ၊ ဆောင်းမြေပဲဟူ၍ (၂)မျိုးရှိပါသည်။(၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် မိုးမြေပဲစိုက်ဧက ၄၁၃၀၈ဧကအနက် ၄၁၃၀၈ဧကရိတ်သိမ်းနိုင်ခဲ့ပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၇၀.၁၇တင်းထွက်ရှိ၍ စုစုပေါင်းအထွက်တင်းမှာ ၂၈၉၈၇၇၇တင်းထွက်ရှိကြောင်းသိရပါသည်။ ဆောင်းမြေပဲစိုက်ဧက ၃၆၀၀၇ဧကအနက် ၁၆၅၀၀ဧကရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်းမှာ ၇၉.၂၁တင်းထွက်ရှိ၍ စုစုပေါင်းအထွက်တင်းမှာ ၁၃၀၅၆၁၈တင်းထွက်ရှိကြောင်းသိရှိရပါသည်။ ပြည်ခရိုင်မှထွက်ရှိသော မြေပဲဆန်များကို ပြည်မြို့ရှိဈေးကွက်များနှင့် ပွဲရုံများသို့ရောင်းချသည့်အပြင် အခြားတိုင်းများနှင့် မြို့နယ်များသို့လည်းတင်ပို့ရောင်းချကြောင်းသိရပါသည်။ ထိုသို့ဝင်ရောက်လာသော မြေပဲဆန်များကို ပြည်မြို့ရှိပွဲရုံများမှတစ်ဆင့် ဆီလုပ်ငန်းရှင်များက ဝယ်ယူကြသည့်အပြင် မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့မှလည်းဝယ်ယူကြပါသည်။ မိုးမြေပဲနှင့် ဆောင်းမြေပဲလှိုင်လှိုင်ပေါ်ချိန်တွင် ပြည်မြို့ရှိဈေးကွက်များသို့ နေ့စဉ် အိတ် (၁၀၀၀/၁၅၀၀) ခန့်ဝင်ရောက်မှုရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း ဝင်သလောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲဆန်များကို ဆီကြိတ်ရန်အတွက်လည်းကောင်း၊ မုန့်ပဲသားရေစာများထည့်သွင်းအသုံးပြု၍လည်းကောင်း၊ မြေပဲလှော်၊ မြေပဲဆားလှော်ပြုလုပ်၍လည်းကောင်း အသုံးပြုကြပါသည်။ မြေပဲဆန်ဈေးနှုန်းများမှာ ဈေးကွက်ပေါ်မူတည်ပြီး ဝယ်လိုအားကောင်းလျှင် ကောင်းသလို ဈေးမြင့်ပြီး ဝယ်လိုအားနည်းသွားလျှင် ဈေးနှုန်းအနည်းငယ်ကျဆင်းလာပါသည်။

          မြေပဲဆန်ဈေးနှုန်းများအနေဖြင့် ၂၀၂၃ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော အနိမ့်အမြင့်ဈေးနှုန်းများကိုဖော်ပြလိုက်ရပါသည်-

စဉ်               အမျိုးအမည်                                အနိမ့်                      အမြင့်

၁                 မြေပဲဆီကြိတ်ဆန်(နီ)                    ၅၅၀၀                     ၇၇၀၀

၂                  မြေပဲဆီကြိတ်ဆန်(ဖြူ)                   ၅၀၀၀                     ၆၃၀၀

၃                 မြေပဲလုံးဆန်(နီ)                           ၆၃၀၀                     ၈၅၀၀

၄                 မြေပဲလုံးဆန်(ဖြူ)                         ၅၃၀၀                     ၆၈၀၀

          ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဆီကြိတ်ဆန်(အဖြူ)တစ်ပိဿာလျှင် ၆၂၀၀ကျပ်၊ ဆီကြိတ်ဆန်(အနီ)တစ်ပိဿာလျှင် ၆၇၀၀ကျပ်နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၇၂၀၀ကျပ်၊ လုံးဆန်(အနီ)တစ်ပိဿာလျှင် ၇၈၀၀ကျပ်ဖြင့် ပြည်ဈေးကွက်၌ ဆီစက်များနှင့် ပဲကြော်၊ ပဲလှော်ဖိုသမားများအပြင် ရန်ကုန်၊ မန္တလေးဝယ်လက်များက လည်းဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ်၅၀၀ခန့်အရောင်းအဝယ်ဖြစ်သည်ကိုတွေ့ရပါသည်။ ယခင်ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဆီကြိတ်ဆန်(အဖြူ)တစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ ဆီကြိတ်ဆန်(အနီ)တစ်ပိဿာလျှင် ၇၂၀၀ကျပ်နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ လုံးဆန်(အနီ)တစ်ပိဿာလျှင် ၇၈၀၀ကျပ်ဖြင့်ရောင်းချခဲ့သဖြင့် ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဆီကြိတ်ဆန်ဈေးအနည်းငယ်ကျဆင်းလာပြီး လုံးဆန်(အဖြူ)မှာ တစ်ပိဿာလျှင် ၂၀၀ကျပ်သာဈေးနှုန်းမြင့်တက်ခဲ့ပြီး လုံးဆန်(အနီ)မှာ ဈေးငြိမ်နေသည်ကိုတွေ့ရပါသည်။ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် မြေပဲဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၃၈၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)