Main menu

“အညာမြေထနောင်းရွက်အနုများထွက်ရှိ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် အညာမြေဒေသဖြစ်သည်နှင့်အညီ အညာဒေသထွက် နွေဦးရာသီတွင် ထွက်ပေါ်လေ့ရှိသော ညောင်ရွက်၊ဂွေးတောက်ရွက်၊သရက်ကင်းနှင့်ထနောင်း ရွက်နုများထွက်ပေါ်သောအချိန်ဖြစ်ပါသည်။ ရာသီစာဖြစ်သည့်အတွက် ပေါ်ဦးပေါ်စ ထနောင်းရွက် နုနုကလေးများကို ပြုတ်၍ ရောင်းချလျက်ရှိပါသည်။ အညာဒေသဖြစ်သည့်အတွက် ထနောင်းရွက် တစ်ပုံလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချပါသည်။ ထနောင်းရွက် တစ်ပုံလျှင်(၅၀၀)ကျပ်ဖိုးရရန်အတွက် ခူးရသည်မှာ မလွယ်ကူလှပေ။ထနောင်းပင်သည် ဆူးပါသည့်အတွက် လက်များထိခိုက်နိုင်ပါသည်။ ထနောင်းရွက်နုနုကလေးများကိုခူး၍ ရေနွေးဖျောရပြီး ရေနွေးဖျောပြီးသော အရွက်နုကလေးများကို အနေတော်အပုံလေးများပုံ၍ ရွာထဲ ၊ ရပ်ထဲ နှင့် စျေးများတွင် တစ်ပုံလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။အရွက်ခူးရန်မလွယ်ကူသောကြောင့် အရွက်ခူး၍ရောင်းချသူအလွန်နည်းပါးပါသည်။ ပေါ်ဦးပေါ်စ ထနောင်းရွက်များကို အသုပ်သုပ်၍ စားသုံးကြသလို အတို့အမြုပ်အဖြစ်လည်း စားသုံးကြပါသည်။ ထနောင်းရွက်စားသုံးခြင်းဖြင့် လူကိုအကျိုးပြုစေပါသည် ။ ထနောင်းရွက်သည် တစ်သျူးရောင်ရမ်းခြင်းကို သက်သာစေ၍ သွေးတွင်းသကြားဓါတ်များ လျော့နည်းစေပြီး အစာအိမ်အူလမ်းကြောင်းကို ရှင်းပေးပါသည် ။ ထနောင်းခေါက်ကိုပြုတ်၍ ရလာသောပြုတ်ရည်ကို တစ်နေ့(၃)ကြိမ်ငုံပေးပါက သွားဖုံးအတွင်း သွေးယိုစီးခြင်းကိုကာကွယ်ပေးကြောင်း လေ့လာသိရှိရပါသည်။အစာလည်းဆေး၊ဆေးလည်းအစားဆိုသည့်အတိုင်းဆေးဘက်ဝင် ထနောင်းရွက်ကို ရာသီပေါ် ချိန်တွင်ဝယ်ယူ၍ သုပ်စားသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)