ဥရောပသမဂ္ဂသို့ ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အင်ဒီကာအုပ်စုဝင်ဆန်များ တင်သွင်းမှု မြင့်တက်လာသဖြင့် ပြည်တွင်းလုပ်ငန်းကာကွယ်ရေး အစီအမံများကို ချမှတ်ကျင့်သုံးမည်ဟု ဥရောပကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။
ဥရောပသမဂ္ဂ၏ တရားဝင်ဂျာနယ် (Official Journal of the European Union) ၌ ဥရောပကော်မရှင်လုပ်ထုံးလုပ်နည်းအမှတ် ၂၀၂၄/၈၄၂ (Commission Implementing Regulation (EU) 2024/842) ကို ၁၁-၃-၂၀၂၄ ရက်စွဲဖြင့် ထုတ်ပြန်ရာတွင် ဥရောပသမဂ္ဂ အထွေထွေတရားရုံး၏ အမှုတွဲအမှတ် T-246/19 အပေါ် ၉-၁၁-၂၀၂၂ နေ့၌ စီရင်ချက်ချမှတ်မှုအရ ဥရောပကော်မရှင်သည် ကမ္ဘောဒီးယားနှင့် မြန်မာတို့မှ ဆန်များတင်သွင်းမှုကိစ္စရပ်ကို ပြန်လည်စုံစမ်းစစ်ဆေးရန် ၁၉-၁-၂၀၂၃ နေ့တွင် ဆုံးဖြတ်ခဲ့ပြီး သက်ဆိုင်သူများထံသို့ အသိပေးဆောင်ရွက်ခဲ့ကြောင်း၊ ကော်မရှင် သည် ဥရောပ ကောက်ပဲသီးနှံကုန်သည်များအသင်းဖြစ်သော Coceral နှင့် ကမ္ဘောဒီယား ဆန်စပါး အသင်းချုပ် (CRF) တို့ထံမှ သဘောထားမှတ်ချက်များ လက်ခံရရှိခဲ့ကြောင်း၊ အမှုကိစ္စရပ်အား ပြန်လည်စစ်ဆေးချက်အရ ဥရောပသမဂ္ဂသို့ တင်သွင်းခဲ့သည့် ကမ္ဘောဒီးယားနှင့် မြန်မာပင်ရင်း ဒေသထွက် အင်ဒီကာဆန်များ၏ ပမာဏနှင့် ဈေးနှုန်းများသည် ဥရောပသမဂ္ဂရှိ ဆန်စပါးလုပ်ငန်း နယ်ပယ်အတွက် ကြီးမားသော ခက်ခဲမှုများနှင့် ကြုံတွေ့စေရပြီး ပြည်တွင်းလုပ်ငန်းကာကွယ်ရေး အစီအမံများကို ချမှတ်ကျင့်သုံးရန် လိုအပ်သည်ဟု သုံးသပ်ရကြောင်း ဖော်ပြထားပါသည်။
သို့ဖြစ်ရာ Article 22 of the GSP Regulation အရ ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ CN codes 1006 30 27, 1006 30 48, 1006 30 67 နှင့် 1006 30 98 တို့အောက်ရှိ အင်ဒီကာဆန်များ တင်သွင်းမှုအပေါ် ၁၈-၁-၂၀၁၉ နေ့မှ ၁၈-၁-၂၀၂၀ နေ့အထိ ၁ နှစ်တာကာလအတွက် ယေဘုယျ အကောက်ခွန်နှုန်း တန် ၁ တန်လျှင် ၁၇၅ ယူရိုနှုန်းဖြင့်လည်းကောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့အထိ ၂ နှစ်ကာလအတွက် ဒုတိယနှစ်တွင် ဆန်တန် ၁ တန်လျှင် ၁၅၀ ယူရိုနှုန်းဖြင့်လည်းကောင်း၊ တတိယနှစ်၌ ဆန်တန် ၁ တန်လျှင် ၁၂၅ ယူရိုနှုန်းဖြင့်လည်းကောင်း အသီးသီး ကျသင့်စေမည်ဖြစ်ကြောင်း ဥရောပကော်မရှင်က ဖော်ပြခဲ့ပါသည်။
Source: EUR-Lex Document 32024R0842, 11 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)