Main menu

“ရုံးပတီသီး စိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊‌‌ ကျောက်ဆည်ခရိုင်အတွင်းရှိ ‌ကျေးလက်နေတောင်သူများသည် စပါး၊ ပဲ၊ပြောင်း၊နှမ်း စသည့်သီးနှံများစိုက်ပျိုးသည့်အပြင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကိုလည်း နှစ်စဉ်ရာသီအလိုက် စိုက်ပျိုးကြပါသည်။ ၄င်းသီးနှံများအနက်မှ ဆေးဖက်ဝင်ဟင်းချက်စားသုံးရသော ရုံးပတီသီးသီးနှံများကို ယခင်က မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိရေးအတွက် တစ်နိုင်တစ် ပိုင်စိုက်ပျိုးရာမှ ယခုအခါ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ရုံးပတီပင်သည် ရာသီမရွေးစိုက်ပျိုးနိုင် ပြီး ဝင်ငွေရလွယ်သော သီးနှံတစ်မျိုးဖြစ်သည့်အတွက် တောင်သူများတွက်ချေကိုက်၍ စိုက်ပျိုးသင့် သောသီးနှံတစ်မျိုးဖြစ်ပါသည်။ စိုက်ပျိုးသောမျိုးများမှာ ပင်ပုမျိုး၊ပင်လတ်မျိုး၊ပင်မြင့်မျိုးကို အများဆုံးစိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် မျိုးစေ့ (၁၀)ကီလိုဂရမ် စိုက်ပျိုးရပါသည်။ တစ်ဧကကုန်ကျ စရိတ်အနေဖြင့် (၃၅၀၀၀၀/-)ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ပန်းပွင့်ပြီးတစ်ပတ်အကြာတွင် စတင်ခူးဆွက်ရပါသည်။ ထိုသို့ ခူးဆွတ်မှသာ စားကောင်းသောအနေတော်ရုံးပတီသီးများ ရရှိမည်ဖြစ်ပါသည်။ ခူးဆွတ်မှုအနေဖြင့် နှစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ပေးရပါသည်။ ပူပြင်းသော ရာသီဉတုတွင် အသီးရင့်မှည့်လွယ်သောကြောင့် နှစ်ရက်တစ်ကြိမ် ခူးဆွတ်ရခြင်းဖြစ်ကြောင်း၊ စျေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၁၅၀၀ - ၁၆၀၀) ကျပ် စျေးနှုန်းရရှိပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် ပိဿာ(၁၁၀၀)ခန့်ထွက်ရှိကြောင်း အကျိုးအမြတ်အနေဖြင့် စျေးနှုန်းပေါ်မူတည်ပြီး အကျိုး အမြတ် ရကြောင်း ရုံးပတီသီးစားသုံးခြင်းဖြင့် ဆီးချိုရောဂါအတွက် သင့်တော်သောအစားအစာ ဖြစ်ပြီး နှလုံးရောဂါနှင့် ကင်ဆာရောဂါများကိုလည်း သက်သာပျောက်ကင်းစေပါသည်။ ဒူးနှင့် ပတ်သက်သောရောဂါများနှင့် ရိုးတွင်းချဉ်ဆီကို အားကောင်းစေကြောင်း သိရှိရပါသည်။ စားသုံးသူအတွက် ဆေးဖက်လည်းဝင် မိသားစုဝင်ငွေတိုးသည့်အတွက် ဟင်းစားရုံးပတီသီးပင်အား တိုးချဲ့စိုက်ပျိုးသင့်သောသီးနှံတစ်မျိုးဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)