Main menu

နေလှည်းစေ့၏ အသုံးဝင်ပုံနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

     နေလှည်းစေ့မှာ ပူပြင်းခြောက်သွေ့သော အညာဒေသ၊ ယောဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပုလဲ၊ မင်းတိုင်ပင်တို့မှ သဘာဝအလျောက် အလေ့ကျပေါက်ရောက်လျက်ရှိသော အရိုင်းပင်တစ်မျိုးဖြစ်သည်။ နေလှည်းပင်ကို အခြားနာမည်အခေါ်အဝေါ်မှာ ဂျိုးစက်ကောက်ပင်ဖြစ်သည်။ နေလှည်းပင်မှာ ဒီဇင်ဘာလမှစ၍ ပွင့်ကြပြီး ယာတောများတွင် အများအပြားပေါက်ရောက်လျက်ရှိကာ လူ့တစ်ရပ်ကျော်သော အပင်ကြီးမျိုးလည်းဖြစ်ပါသည်။

     နေလှည်းစေ့အပင်ပုံသဏ္ဌာန်မှာ ဖြူစိမ်းစိမ်းအရွက်များကြားတွင် ခရမ်းဖျော့ဖျော့ပန်းခိုင်လေးများနှင့် ပဏာတင့်လှပနေသော အပင်လည်းဖြစ်ပါသည်။ နေလှည်းပင်သည် အညာဒေသ၏ တန်ဖိုးရှိလှသော တိုင်းရင်းဆေးပင်တစ်ပင်လည်းဖြစ်ပါသည်။ နေလှည်းပင်သည် အပင်ပျော့အမျိုးအစားဖြစ်၍ ရှုပ်ထွေးစွာကိုင်းဖြာနေပြီး အောက်ခြေပိုင်းတွင် မာကျော၍ အပေါ်ပိုင်းတွင် ပျော့ပျောင်းသောအပင်မျိုးလည်းဖြစ်ပါသည်။ အကိုင်းအခက်များပေါ်တွင် ဒေါင်လိုက်အစင်းကြောင်းလေးများပါရှိပြီး အဖြူရောင်အမွေးနုလေးများဖြင့် ဖုံးအုပ်နေပါ သည်။ နေလှည်းပင်သည် ပဲမျိုးရင်းဝင်အပင်များဖြစ်ပြီး တစ်ရက်တည်း Simple leaves ရွက်တည်း (သို့) Unifoliate compound ဖြစ်နေပါသည်။ ရွက်စွယ်များပါရှိကာ တည်မြဲကြပြီး အရွက်များသည် ကျယ်ပြန့်သောဘဲဥပုံရှိသည်။ အရွက်များ၏ မျက်နှာပြင်နှစ်ဖက်၌ အမွေးများရှိသော်လည်း အောက်ဘက်တွင် gland – dottet များရှိကြသည်။ ပန်းကိုင်များသည် ရှည်လျားသောပွင့်ကိုင်းများဖြစ်ပြီး အရွက်ကြားများမှထွက်ရှိပါသည်။ ပွင့်ကိုင်းများ၏ထိပ်ဘက်တွင် ကျစ်လျစ်သော ပန်းခိုင်အစုများကိုတွေ့ရသည်။ pale violet အရောင်ရှိပြီး ပန်းပွင့်များမှာ ပန်းခိုင်များသဖွယ် ထိုးထွက်နေပါသည်။ ပွင့်ဖတ်အုံမှာ campanulate ပုံစံရှိပါသည်။ ပဲပန်းတို့၏လက္ခဏာဖြစ်သော standard, wings, keels တို့ဖြင့်ဖွဲ့စည်းထားသော ပွင့်ချပ်အုံလည်းရှိပါသည်။ ဝတ်ဆံဖို (၁၀)ခုပါပြီး နှစ်စုစည်း (၁+၉)ဖြစ်သည်။ အသီးမှာ ဖောင်းနေသော pod အသီးအမျိုးအစားဖြစ်ပြီး အတွင်း၌ အနက်ရောင်အစေ့များလည်းပါရှိပါသည်။

    နေလှည်းစေ့အပင်၏အသုံးဝင်ပုံ၊ ဂုဏ်ရည်နှင့်စွမ်းရည်တို့ကို အရှင်နာဂသိမ်ဆေးကျမ်းစာအုပ်တွင် ဖော်ပြထားပါသည်။ နေလှည်းပင်၏ အသီး၊ အပင်ပဉ္စငါးပါးလုံးအသုံးဝင်ပါသည်။ အသီးသည် ပူခြင်း၊ စပ်ခါးခြင်း၊ ပဉ္စငါးပါးမှာ ခါးခြင်း၊ အေးခြင်း၊ ပဉ္စငါးပါးသည် နှုတ်ကိုမြိန်စေခြင်း၊ ဝမ်းမီးကိုတောက်စေခြင်း၊ ခန္ဓာကိုယ်ကိုခွန်အားဖြစ်စေခြင်း၊ နှလုံးကိုအားကောင်းစေခြင်း၊ သလိပ်ကိုနိုင်စေခြင်း၊ သွေးအန်သွေးကျ၊ နှလုံးရောဂါ၊ ပန်းနာ၊ နူနာ၊ အဖျားရောဂါများကိုပျောက်ကင်းစေပြီး သည်းခြေကိုအားကောင်းစေပါသည်။ နူနာ၊ ဆံပင်အရေပြားရောများအပြင် အန်ခြင်း၊ ပန်းနာချောင်းဆိုး၊ ဖောရောင်၊ အစာမကြေရောဂါများကိုလည်းကုသနိုင်ကြောင်း ဖော်ပြထားပါသည်။

     နေလှည်းပင်များကို အိန္ဒိယနိုင်ငံ၌ အာယုဗေဒနှင့် (lamila Siddha) ဆေးဝါးအဖြစ်လည်းအသုံးပြုကြကြောင်း၊ တရုတ်ရိုးရာဆေးအဖြစ်လည်းအသုံးပြုကြကြောင်း လေ့လာသိရှိရပါသည်။ 

       နေလှည်းပင်၏ extract တွင် များပြားသောဓာတုဒြပ်ပေါင်းများလည်းပါဝင်သည့်အပြင် flavonoids နှင့် coumarins and meroterpenes (3 hydroxybakuchiol) တို့လည်းပါဝင်ပါသည်။ ထို့ပြင် အရွက်ထဲတွင် များပြားလှသော genistein ပါဝင်သောကြောင့် တရုတ်ဆေးဝါးဖြစ်သော Bu Gu Zhi in traditional chinese medicine TCM ၌ ကျောက်ကပ်ရောဂါ၊ အရိုးကျိုးခြင်း၊ အရိုးအက်ခြင်း (bone fracture)၊ ဒူးနာ၊ ကျောနာ၊ ပန်းသေရောဂါ၊ အိပ်ပျော်နေစဉ် ဆီးသွားခြင်းရောဂါ၊ ဆံပင်ကျွတ်ခြင်းနှင့် ခရုသင်းရောဂါများကိုကုသရာတွင် အသုံးပြုနိုင်သော နွယ်မြစ်သစ်ပင်ဆေးဖက်ဝင်သည့် အပင်တစ်မျိုးလည်းဖြစ်ပါသည်။

   ဈေးနှုန်းဈေးကွက်အနေဖြင့် နေလှည်းစေ့တစ်ပိဿာလျှင် ကျပ် (၆၇၅၀မှ ၇၂၀၀) ထိဖြင့် ပခုက္ကူကုန်စည်ဒိုင်တွင် နေ့စဉ် ကုန်ချိန်ပိဿာ (၃၀၀၀)ကျော်မှ ပိဿာ (၅၀၀၀)ကျော်ထိဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြည်ပနိုင်ငံဖြစ်သော တရုတ်နိုင်ငံမှ ဆေးအတွက် အသုံးပြုရန်ဝယ်ယူနေကြောင်းသိရှိရပါသည်။

DOCA(မကွေး)