Main menu

ကြက်သွန်နီများ ရိတ်သိမ်းသိုလှောင်ထိန်းသိမ်းမှုအကြောင်း

Powered by Drupal

          ကြက်သွန်ပင်သည် အပူအအေးမျှတသော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ ကြက်သွန်နီသည် ကာလတိုရှင်သန်ကြီးထွားပြီး ပျက်စီးလွယ်သော သက်တမ်းတိုရာသီပင် ဖြစ်ပါ သည်။ကြုံတွေ့ရသောရာသီဥတုအခြေအနေ၊ဇီဝဖြစ်စဉ်အခက်အခဲဖြစ်မှုအပေါ်မူတည်၍ကြက်သွန်နီပင်များကြီးထွားဖွံ့ဖြိုးမှုနှုန်း ကွဲပြားခြားနားနိုင်ပါသည်။ကြက်သွန်နီဥများ အရည်အသွေးကောင်းမွန်စေရန် အပင်များသက်တမ်းရင့်မှသာလျှင် နှုတ်သိမ်းသင့်သည်။ သက်တမ်းကုန်ဆုံးချိန် နီးကပ်လာလျှင် ကြက်သွန်မိတ်အဖူးမျာ ထွက်ပေါ်မှုအခြေအနေ အမြင့်ဆုံးသို့ ရောက်ရှိလာပါသည်။ ထိုအချိန်တွင် ကြက်သွန်ပင်ထိပ်ဖျားများ ညိုခြောက်လာပါက နှုတ်သိမ်းသင့်သည်။ ကြက်သွန်နီမနှုတ်မီ အဖူးအောက် ၁ လက်မ၊၂ လက်မအထိ အမြိတ်ဖူးများကို ဖြတ်တောက်ရမည်၊ ဖြတ်တောက်ပြီးပါက ကြီးထွားမှုနှုန်းလျင်မြန်စွာ ပြောင်းလဲ၍  ပျက်သုဉ်းခြင်းအခြေအနေသို့ လျင်မြန်စွာ ရောက်ရှိနိုင်ပါ သည်။ ကြက်သွန်နီစိုက်ပျိုးသူများသည် ရေဝင်သော လယ်တောများတွင် စိုက်ပျိုးလေ့ရှိသော်လည်း ရိတ်သိမ်းချိန်ရောက်ပါက ကွင်းပြင်များသည် ခြောက်သွေ့သွားကြသည်။သို့သော် အမြိတ်များ ဖြတ်တောက်ရမည့်အချိန်တွင် ရုတ်တရက် နေပူမိုးရွာခြင်းကြောင့် ပူနွေးစွတ်စိုသော ရာသီဥတု အပြောင်းအလဲပြင်းထန်ပါက ရောဂါဖြစ်ပွားမှုနှင့် ပျက်စီးမှုပမာဏ များပြားမည်ဖြစ်ပါသည်။ ထို့ကြောင့် မူလကတည်းက ရေမဝင်နိုင်သော လယ်တောများတွင်သာ စိုက်ပျိုးသင့်ပေသည်။

          အချို့ စိုက်ပျိုးဒေသတို့တွင် ကြက်သွန်ဥများကို စက်ယန္တရားများ အသုံးပြု၍ ကုန်သေတ္တာကြီးများ(သို့)အိတ်ကြီးထဲသို့ ထည့်သွင်းထုပ်ပိုးကြသည်။ ကြက်သွန်ဥများ ကောင်းစွာ မခြောက်သေးခင်အချိန်၌ စက်ကိရိယာကြောင့် ပျက်စီးခြင်း၊ရောဂါပိုးကျရောက်ခြင်းများ လွယ်ကူစွာ ဖြစ်ပေါ်စေနိုင်ပါသည်။နှုတ်သိမ်းချိန်၌ စိုက်ခင်းလုပ်သားများသည် ကြက်သွန်ပင်၏ ထိပ်ပိုင်းကို အဖူးဖြတ် ကပ်ကြေး၊အမြစ်ညှပ်ကပ်ကြေးဖြင့် သေသပ်စွာ ဖြတ်တောက်သင့်ပေသည်။ အမြစ်များအား  အမြစ်အနားရင်းများမှ လေးပုံတစ်ပုံ အောက်တိုး၍ ဖြတ်တောက်ခြင်းမပြုသင့်ပါ။ ကြက်သွန်နှုတ်ချိန်၌ စိုက်ခင်းလုပ်သားများမှ ကြက်သွန်ပင်များကို ကြမ်းတမ်းစွာ ကိုင်တွယ်ခြင်း မပြုလုပ်စေရန် ကြီးကြပ်သူများအား ညွှန်ကြားသင့်ပါသည်။ ကောက်ရိုးထူထူခင်းထားသော သစ်သားကျဲ့သေတ္တာထဲတွင် ထည့်သွင်း၍ ထုပ်ပိုးခြင်းသည် ကြက်သွန်ဥနှင့် အာလူးတို့အတွက် ပိုမိုကောင်းမွန်ပါသည်။

          ကြက်သွန်နီများ ပျက်စီးမှုလျော့နည်းစေရန် ထုပ်ပိုးသိုလှောင်ကာလတစ်လျှောက်လုံး ခြောက်သွေ့စွာ ထားရမည်ဖြစ်သည်။ ကြက်သွန်များအား သင့်လျော်သော အခြောက်ခံခြင်းပြုလုပ်ပါက အပင်ပေါက်ခြင်း၊ရောဂါဖြစ်ပွား၍ လွယ်ကူစွာ ပုပ်ရိညိုမဲခြင်းနှင့် စက်ကိရိယာကြောင့် ပျက်စီးခြင်း အခြေအနေများ ဖြစ်ပေါ်နိုင်ပါသည်။ ကြက်သွန်များကို ခြောက်သွေ့စွာထားရှိခြင်းအပေါ် မူတည်၍ အမြစ်များ အသားရွတ်လွှာနှင့် အခွံလွှာပါးများသည် အရောင်အသွေးပြည့်မီသော အခြေအနေတွင်ရှိနိုင်မည်ဖြစ်သည်။ လည်တိုင်တစ်ဝိုက် ခြောက်သွေ့နေလျှင် အကောင်းဆုံးဖြစ်ပြီး လက်ဖြင့် ဖျစ်ညှစ်လျှင် လျှော့မတွက်ဘဲ တင်းခံနေမည်ဖြစ်ပါသည်။ ၎င်းအနေအထားအထိ ခြောက်သွေ့ခြင်းမရှိပါက လျင်မြန်စွာ ပျက်စီးလွယ်မည်ဖြစ်ပါသည်။ နှုတ်သိမ်းပြီးနောက် ကြက်သွန် “လည်တိုင်ပုပ်”ရောဂါအဖြစ်များရခြင်းသည် ခြောက်သွေ့စွာမထားသိုသောကြောင့် ဖြစ်ပြီး တစ်ကြိမ်မျှရောဂါဖြစ်ပွားလျှင်ပင် ကြက်သွန်အားလုံး ပျက်စီးမည်ဖြစ်ပါသည်။

          တောင်သူများအနေဖြင့် ကြက်သွန်များနှုတ်ပြီးလျှင်  သဘာဝနေရောင်ဖြင့် ကောင်းမွန်စွာ အခြောက်လှန်းရန်လိုအပ်ပါသည်။ အချို့ ငွေကြေးတတ်နိုင်သူမျာကမူ သဘာဝ နေရောင်အပြင်  တီထွင်ဖန်တီးထားသော အခြောက်ခံစနစ်များကိုလည်း အသုံးပြုကြသည်။ ပတ်ဝန်းကျင်ရှိ ရေငွေ့ ကင်းသောလေများကြောင့် ရံဖန်ရံခါခြောက်သွေ့မှုလွန်ကဲတတ်၍ အပူပေးချိန် တိုတောင်းစေရန် အရေးကြီးပါသည်။ ရေငွေ့အပူပေးကိရိယာများ (သို့) သစ်စေ့ အပူပေးစက်များ (သို့) ဆေးရွက်ကြီး အခြေက်ခံသော လေပူစက်များဖြင့်လည်း ခြောက်သွေ့စေနိုင်သည်။ လေပူဖြင့် အပူပေးချိန်မှာ ၄၈ နာရီမှ ၇၂ နာရီအတွင်း သင့်ပါသည်။ ထိုသို့  အပူပေးရာတွင် လေဝင်လေထွက်ကောင်းစေရန် လိုအပ်ပါသည်။ လေအပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်သည် ကြက်သွန်များအတွက် ပြည့်စုံလုံလောက်ပါသည်။ ကြက်သွန်များအား အပူမပေးမီလေ၏ အပူချိန်ကို တိုင်းတာရမည်၊ခန့်မှန်းတိုင်းတာခြင်း မပြုလုပ်ရပါ။ အဘယ်ကြောင့်ဆိုသော် အပူချိန် ၁၀၀ ဒီဂရီ ဖာရင်ဟိုက် ကျော်လွန်ပါက ကြက်သွန်ဥ များပျက်စီးနိုင်သောကြောင့် ဖြစ်ပါသည်။

          ခြောက်သွေ့အောင် ပြုလုပ်ရမည့် ကြက်သွန်များ လေစီးကြောင်းကောင်းစွာရရှိစေရန်နှင့် လုံလောက်သော  ခြောက်သွေ့မှုရရှိစေရန် လေပန်ကာများကို တပ်ဆင်ရပါမည်။ကောက်ရိုးပေါ် တွင် ပုံထားသော ကြက်သွန်များခြောက်သွေ့စေရန် တစ်မိနစ်လျှင် လေထုထည် ၃ ကုဗပေ မှ ၅ ကုဗပေ ပေးနိုင်သော လေပန်ကာများကပို၍ ကောင်းမွန်သည်။ အခြောက်ခံရာတွင် ပုံမှန်အားဖြင့် ကြက်သွန် အလေးချိန် ၅%  မှ ၃% အထိသာ ကျဆင်းလေ့ရှိသည်။ ခြောက်သွေ့လျှင် ကြက်သွန်များကို အကြီး အသေး ခွဲသင့်ပါသည်။ ကြက်သွန်ထိပ်နှင့်အမြစ်များ အခွံပါးအလွှာကောင်းစွာ ခြောက်သွေ့ တင်းမာလာပါက လွယ်ကူစွာကြီးသေးခွဲ၍ ထုပ်ပိုးနိုင်ပြီဖြစ်ပါသည်။

          အရွယ်အစား ခွဲခြားထုပ်ပိုးချိန်တွင် ကြက်သွန်နီများ လေလွင့်ဆုံးရှုံးမှုအလွန်များသည်။ စက်၏ ဒဏ်ကြောင့်နာခြင်း၊ကြမ်းတမ်းစွာ ပွတ်မိခြင်း၊ အခွံပါးနှင့် အတွင်းလွှာများကကျိတ်၍ ဖြတ်တောက်ခြင်းစသော ဒဏ်ရာအနာများသည် အစောပိုင်းအချိန်တွင် ထင်ရှားသိသာစွာ ဖြစ်ပေါ်ခြင်းမရှိပေ၊ သို့သော် ရက်သတ္တပတ်ပို၍ ကြာသော သယ်ယူပို့ဆောင်ရေးကာလ (ဥပမာ- သင်္ဘောဖြင့် ) ဖြင့်တင်လျှင် ကြက်သွန်များ ပုပ်ရိခြင်းဖြစ်ပွားနိုင်ပါသည်။

      ကြမ်းတမ်းသော မျက်နှာပြင်ကြမ်းခင်းများတွင် ကြက်သွန်များလိမ့်စေခြင်း၊ အိတ်သွန်၍ လှယ်ခြင်းကြောင့် ခွံပါးနှင့်လည်တိုင်ပြတ်တောက်ခြင်း၊ အတွင်းသားနာခြင်းများ ဖြစ်ပွားစေသည်။ ကြီး၊သေး ခွဲခြားထုပ်ပိုးစက်၏ လျောလိုင်းတစ်လျှောက်တွင် ထိခိုက်မိခြင်းအား ကာကွယ်ရန် ပါးလွှာသော ရေမြှုပ်ပြားများ တပ်ဆင်၍ အသုံးပြုပါက ကြက်သွန်ဆုံးရှုံးမှု ၂၅% အထိ လျှော့ကျစေနိုင်ပါသည်။ လျောလိုင်းမှ ကြက်သွန်များကျသင့်သော အမြင့်ကိုနိမ့်၍လည်းကောင်း၊ ကြက်သွန်များအား အရှိန် ဖြင့်ပစ်ထည့်ခြင်းကို တားမြစ်ခြင်းဖြင့်လည်းကောင်း၊ ဆုံးရှုံးမှုပမာဏ လျော့နည်းစေနိုင်ပါသည်။ ကြက်သွန်များကို တစ်အိတ်လျင် ၂၅ ပေါင် ၃၀ ပေါင် (သို့) ၅၀ ပေါင်အထိ ဆန့်သောဇာကွက်ကျဲ ပိုက်အိတ်များဖြင့် ထုပ်ပိုးနိုင်ပါသည်။

          ကြက်သွန်များအား သိုလှောင်ခြင်းနှင့် သယ်ယူခြင်းပြုလုပ်ရာတွင် အခြားသော ဟင်းသီးဟင်းရွက်စိမ်းများနှင့် ရောနှောခြင်း မရှိစေဘဲ သီးသန့်ဆောင်ရွက်ရမည်၊ ကောင်းစွာခြောက်သွေ့ပြီးသော ကြက်သွန်နီများသည် ဟင်းသီးဟင်းရွက်စိမ်းများတွင် ပါဝင်သော အစိုဓာတ်ကို လွယ်ကူစွာ စုပ်ယူနိုင်သောကြောင့် ဖြစ်ပါသည်။ ကြက်သွန်ဈေးနှုန်းများအား အရွယ်အစားဖြင့်မဆုံးဖြတ်ဘဲ အရည်အသွေးကို မူတည်၍ဆုံးဖြတ်ကြပါသည်။

          အပူချိန် ၃၁ ဒီဂရီဖာရင်ဟိုက်ထိန်းညှိ၍ အအေးခံခြင်းသည် ကြက်သွန်များအတွက် သင့်လျော်ပါသည်။ ၃၁ ဒီဂရီဖာရင်ဟိုက်၌ ကာလတို သိုလှောင်ခြင်းသည် ၃၁ ဒီဂရီဖာရင်ဟိုက်၌ပင် ကာလရှည်သိုလှောင်ခြင်းထက် ပျက်စီးမှုနှုန်းလျော့နည်းစေပါသည်။အအေးလွန်ကဲလျှင် ကြက်သွန် များပွ၍ လျင်မြန်စွာပျက်ဆီးနိုင်ပြီး ပုပ်ရိစေနိုင်ပါသည်။အပူချိန်အခြေအနေ ၅၀ ဒီဂရီဖာရင်ဟိုက် အောက်၌ ၂၄ နာရီကြာလျင် ကြက်သွန်များအညှောင့်ထွက်စေနိုင်ပါသည်။ ထိုအခါအလေးချိန်လွန်စွာလျော့နည်းကျဆင်းသွားပြီး ဈေးကွက်တွင် ရောင်းတန်းမဝင်နိုင်တော့ပါ။

          စိုက်ပျိုးသူများနှင့်ကုန်သည်များသည် လက်တွေ့ကျစွာအရည်အသွေးထိန်းသိမ်းနိုင်သော သန့်ရှင်းသပ်ရပ်တိကျမှန်ကန်သော ကိရိယာများကို အသုံးပြု၍ ထုတ်ပိုးမှုပြုသင့်ပါသည်။ ဈေးကွက်တွင် ရောင်းပန်းလှစေသော အဓိကအချက်သည် ဝယ်ယူစာသုံးသူများ၏ လိုလားချက်များကို နီးကပ်စွာ လေ့လာပြီး ကုန်ပစ္စည်းများကို စားသုံးသူလိုလားချက်များနှင့်ကိုက်ညီအောင် ထုတ်လုပ်ခြင်းပင်ဖြစ်ပါသည်။ စားသုံးသူများနှင့်လိုလားချက်နှင့် ကိုက်ညီသောသီးနှံများကို ထုတ်လုပ်နိုင်ခြင်းအားဖြင့် စားသုံးသူများအတွက် Food Safety ဖြစ်စေသော ဈေးကွက်ဝယ်လိုအားများ ပိုမိုရရှိ လာပြီး တောင်သူကုန်သည်များလည်း ပိုမိုအကျိုးအမြတ်ရရှိလာနိုင်ပါကြေင်း သတင်းဆောင်းပါး ရေးသားလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး