အိန္ဒိယနိုင်ငံသည် ဆန်တင်ပို့မှုကို တားမြစ်ကန့်သတ်ထားချိန်၌ အခြားသော ဆန်တင်ပို့သည့် နိုင်ငံနှစ်ခုသည် အခွန်ဆိုင်ရာ အထူးအခွင့်အရေးများကို ဆုံးရှုံးခဲ့ရသဖြင့် ထိုင်းနိုင်ငံအနေဖြင့် အီတလီဈေးကွက်သို့ စံပယ်ဆန်များ ပိုမိုတင်ပို့နိုင်မည်ဟု ယုံကြည်ကြောင်း ထိုင်းကူးသန်းရောင်း ဝယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောကြားခဲ့သည်။
ဝန်ကြီး Phumtham က ပို့ကုန်မြှင့်တင်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေရန် ထိုင်းသံရုံး များရှိ ကုန်သွယ်ရေးကိုယ်စားလှယ်များသို့ မကြာသေးမီက ညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့် ရောမမြို့ရှိ ထိုင်းသံရုံး၏ ပြောကြားချက်အရ မိုးခေါင်မှုကြောင့် အီတလီနိုင်ငံတွင် ဆန်ပိုမိုလိုအပ် နိုင်မည်ဟု သိရှိရကြောင်း ၁-၁-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
အခြေခံ အလုပ်သမားအခွင့်အရေးများကို ကာကွယ်ရန် ပျက်ကွက်ခြင်းကြောင့် ဥရောပ သမဂ္ဂသည် ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံအပေါ် ပေးအပ်ထားသော အခွန်ဆိုင်ရာသက်သာမှု အခွင့်အရေးများကို ရုတ်သိမ်းခဲ့ကြောင်း၊ သို့သော် ဥရောပသမဂ္ဂသည် အဆိုပါ နှစ်နိုင်ငံအတွက် အခွန်ဆိုင်ရာ အထူးအခွင့်အရေးများကို လာမည့်နှစ်၌ သက်တမ်းတိုးပေးမည်ဟု မျှော်လင့်ရသဖြင့် ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်တွင် ယင်းအခွင့်အရေးကို အများဆုံး အသုံးချနိုင်မည်ဖြစ်ကြောင်းဖြင့် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Global Trade Atlas ၏ အချက်အလက်များအရ အီတလီနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၀၃.၂၉ သန်းရှိသော ဆန်များကို တင်သွင်းခဲ့ပြီး ၎င်းပမာဏ အနက် ထိုင်းနိုင်ငံထံမှ ဝယ်ယူတင်သွင်းခဲ့သောဆန်များ၏ တန်ဖိုးမှာ ဒေါ်လာ ၂၃.၆၂ သန်း ပါဝင်ခဲ့ သည်။ ထိုကဲ့သို့ အီတလီ၏ ထိုင်းဆန်များ တင်သွင်းမှုတွင် စံပယ်ဆန်မွှေးတန်ဖိုးမှာ ဒေါ်လာ ၂၀.၂၂ သန်း ရှိကြောင်း သိရပါသည်။
ယခင်နှစ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်၌ အီတလီသို့ ထိုင်းဆန်တင်ပို့မှုမှာ ၁၆.၀၁% မြင့်တက်ခဲ့ပြီး ထိုင်းနိုင်ငံသည် ဆန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၁၁၃.၆၃ သန်းရှိသော ပါကစ္စတန်နိုင်ငံနှင့် ဒေါ်လာ ၄၀.၇၆ သန်း တန်ဖိုးရှိသော ဆန်များတင်ပို့ထားသည့် အိန္ဒိယနိုင်ငံတို့၏ နောက်တွင် အီတလီ၏ တတိယမြောက် ဆန်အများဆုံး ဝယ်ယူတင်သွင်းရာ နိုင်ငံဖြစ်လာခဲ့သည်။
Source: The Nation Thailand, 1 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)