Main menu

ယူကရိန်းနိုင်ငံ၌ နေကြာဆီထုတ်လုပ်မှု မြင့်တက်

Powered by Drupal

      စျေးကွက်လေ့လာသုံးသပ်သူများ၏ မကြာသေးမီက ခန့်မှန်းချက်များအရ  နေကြာဆီနှင့် ဆက်စပ်ထုတ်ကုန်များအား ကမ္ဘာ့ဈေးကွက်သို့ အဓိကတင်ပို့နေသည့် ယူကရိန်းနိုင်ငံတွင် ၂၀၂၄ ခုနှစ် မတ်လ၌ ထုတ်လုပ်မှု သိသာစွာ တိုးတက်လာသည်ကို မြင်တွေ့ခဲ့ရပြီး သုံးလနီးပါးခန့်အတွင်း အမြင့်ဆုံးအဖြစ် နေကြာဆီတန်ချိန် ၁.၄၉ သန်းခန့်ကို ထုတ်လုပ်ခဲ့ကြောင်း Chemanalyst သတင်းဝက်ဘ်ဆိုက်က ဧပြီလ ၈ ရက်နေ့တွင် ဖော်ပြပါသည်။အဆိုပါပမာဏသည် ဖေဖော်ဝါရီလ၌ ထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ပါက ၉% ခန့်နှင့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ထုတ်လုပ်ခဲ့မှုနှင့် နှိုင်းယှဉ်ပါက ၁၀% ခန့် ပိုမိုတိုးတက်လာခြင်းဖြစ်သည်။ ၂၀၂၃-၂၄ စျေးကွက်တင်ရောင်းဝယ်ရေးနှစ်၏ ပထမ ၇ လအတွင်း ယူကရိန်းရှိ နေကြာဆီ စုဆောင်း ထုတ်လုပ်မှုသည် စုစုပေါင်း တန်ချိန် ၉.၃ သန်းအထိ သိသာစွာ တိုးတက်လာကြောင်း၊ ယခင် ဈေးကွက်ရာသီနှင့် ကာလတူနှိုင်းယှဉ်ပါက ၁၁% တိုးတက်မှုရှိကြောင်း၊ လွန်ခဲ့သော ဈေးကွက် ရာသီ ၃ ခုအတွင်း စံချိန်တင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာပြီး ယူကရိန်း-ရုရှား စစ်ပွဲ မတိုင်မီ ကာလ၌ စက်တင်ဘာလမှ မတ်လအထိ ကာလအပိုင်းအခြားတွင် ထုတ်လုပ်နိုင်ခဲ့သော တန်ချိန် ၉.၆ - ၁၀.၅ သန်း အဆင့်သို့ ချဉ်းကပ်လာခြင်းဖြစ်ကြောင်း Chemanalyst ၏ ဖော်ပြချက်အရ သိရ ပါသည်။

   ယူကရိန်းနိုင်ငံ၏ နေကြာဆီထုတ်လုပ်မှု တိုးတက်လာခြင်းက လာမည့်ရာသီကာလ အတွင်း နေကြာဆီတင်ပို့မှုကိုလည်း မြင့်တက်လာစေနိုင်ကြောင်း၊ အဆိုပါအခြေအနေက ကမ္ဘာ့ ဈေးကွက်သို့ အဓိကပို့ဆောင်သည့် ဒန်းနူဘယ် (Danube) ဆိပ်ကမ်းအပါအဝင် ယူကရိန်းနိုင်ငံ တောင်ပိုင်းရှိ အဓိကဆိပ်ကမ်းဖြစ်သည့် အိုဒဆာ (Odesa) ကဲ့သို့ ဆိပ်ကမ်းများ၌ ဆိပ်ကမ်း လုပ်ငန်းလည်ပတ်မှုကို အထောက်အပံ့ဖြစ်စေကြောင်း စျေးကွက်လေ့လာသုံးသပ်သူ အများအပြား က အသိအမှတ်ပြုကြသည်။

    သို့သော် စစ်ကြိုကာလနှင့်နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်တွင် နေကြာသီးနှံ ရိတ်သိမ်းရမှု ကျဆင်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ အစောပိုင်းတွင် အရောင်းအဝယ် စာချုပ်ချုပ်ဆိုထားသည့် နေကြာဆီထုတ်လုပ်သူများနှင့် လယ်သမားများ လက်ဝယ်၌ နေကြာစေ့လက်ကျန်ပမာဏမှာ ခန့်မှန်းအားဖြင့် တန်ချိန် ၄.၅ သန်းမှ ၅ သန်းအထိ ရှိနိုင်ကြောင်း၊ ဤတန်ချိန်ပမာဏသည် ပြီးခဲ့သော ရာသီ ၃ ခုအတွင်း အနိမ့်ဆုံးပမာဏဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၃-၂၄ ရာသီအတွက် လာမည့်ကာလများတွင် နေကြာစေ့များ ကြိတ်ခွဲထုတ်လုပ်နိုင်မှု ပမာဏမှာ တန်ချိန် ၁၃.၃ သန်းမှ ၁၃.၈ သန်းကြားရှိနိုင်ပြီး ယခင်ရာသီထက် အနည်းဆုံး ၄% လျော့နည်းမည်ဟု စျေးကွက်လေ့လာ သုံးသပ်သူများက ခန့်မှန်းထားကြပါသည်။

    သို့သော်ယခုခန့်မှန်းချက်သည် ပို့ကုန်ဈေးကွက်အား သက်ရောက်စေသည့် အချက်အလက်များအပေါ် မူတည်ပါကြောင်း၊ ဥရောပနိုင်ငံများသို့ နေကြာဆီတင်ပို့မှု တဖြည်းဖြည်း ပြန်လည် စတင်ခြင်းနှင့် တူရကီနိုင်ငံတွင် ဆီထွက်သီးနှံများ တင်သွင်းမှုအပေါ် အခွန်လျှော့ချခြင်းတို့က  နိုင်ငံခြားဈေးကွက်သို့ တင်ပို့မှုအားကောင်းလာမည်ဟု မျှော်လင့်ရကြောင်း၊ မည်သို့ပင် ဆိုစေကာမူ ပြည်တွင်းစျေးကွက်၏ ဆွဲဆောင်မှုရှိသောစျေးနှုန်းဖြစ်ပေါ်နေခြင်းက နိုင်ငံခြားဈေးကွက် တင်ပို့မှု အားကောင်းခြင်းကို ထောက်ပံ့ပေးမည်ဟု မျှော်လင့်ရကြောင်း၊ ထုတ်လုပ်မှု တိုးတက်လာသော် လည်း တောင်ပိုင်းဒေသများတွင် ပြိုင်ဆိုင်မှုများရှိလာခြင်းကြောင့် ယူကရိန်း၏ နေကြာဆီ တင်ပို့မှု ပမာဏသည် ယခင်နှစ်ထက် သိသိသာသာ နည်းပါးနေသေးကြောင်း၊ ထို့အပြင် ယူကရိန်းမှ နေကြာဆီများတင်ပို့ရာတွင် ဘူလ်ဂေးရီးယားနိုင်ငံ၏ သွင်းကုန်လိုင်စင်လျှောက်ထားမှု စည်းမျဉ်း စည်းကမ်းများ ရှုပ်ထွေးလျက်ရှိခြင်းကြောင့် သီးနှံတင်ပို့ရန် ပမာဏတိုးတက်လာခြင်းသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ChemAnalyst က ဖော်ပြပါသည်။

     ဈေးကွက်ဖြန့်ချီမှုအပိုင်း၌ နေကြာဆီ၏ ဝယ်လိုအားနှင့် စားသုံးမှုတို့သည် ကမ္ဘာ့ဈေးကွက်တစ်လျှောက် အတက်ဘက်တွင် ဆက်လက်တည်ရှိနေသဖြင့် စျေးကွက်အတွင်း ပါဝင်လုပ်ကိုင်သူများအကြားတွင် ကုန်ပစ္စည်းရရှိနိုင်မှုကို အားနည်းစေပြီး အလုံးစုံတင်ပို့မှုအရှိန်ကို သက်ရောက်မှု ဖြစ်စေကြောင်း၊ ကမ္ဘာ့ဈေးကွက်မှ နေကြာဆီအတွက် ပြည်ပဝယ်လိုအားများ ဆက်တိုက်မြင့်တက်နေသဖြင့် စျေးနှုန်းများသည်လည်း လိုက်ပါမြင့်တက်လာနိုင်ကြောင်း ChemAnalyst သတင်း ဝက်ဘ်ဆိုက်က ရေးသားဖော်ပြထားပါသည်။

Source: Chemanalyst, 8 April, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)