Main menu

အကောက်ခွန်လွတ် စားတော်ပဲတင်သွင်းခွင့်ကို အိန္ဒိယအစိုးရက ၂ လ သက်တမ်းတိုး

Powered by Drupal

    အိန္ဒိယနိုင်ငံတွင် ကုလားပဲ၏နေရာ၌ အစားထိုးသုံးစွဲနိုင်သည့် စားတော်ပဲများအား အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုထားခြင်းကို အစိုးရက ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ထိ ၂ လ သက်တမ်းတိုးမြင့်ခဲ့ပါသည်။

    အိန္ဒိယပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) ၏ အမိန့်ကြော်ငြာစာတွင်  ဇွန်လ ၃၀ ရက်နေ့ သို့မဟုတ် ၎င်းနေ့ရက်မတိုင်မီကာလ၌ ထုတ်ပေးသော သင်္ဘောတင်လက်မှတ် (Bill of Lading) ဖြင့်  တင်သွင်းသော စားတော်ပဲတင်သွင်းမှုအားလုံးသည် အွန်လိုင်းသွင်းကုန် စောင့်ကြည့် မှုစနစ်တွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အိန္ဒိယအစိုးရသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ အကောက်ခွန်လွတ် စားတော်ပဲ တင်သွင်းခွင့်ကို ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ ခွင့်ပြုခဲ့ပြီး ဆက်လက်၍ ဧပြီလ ၃၀ ရက်နေ့ထိ သက်တမ်းတိုးမြင့်ပေးထားခဲ့ခြင်း ဖြစ်သည်။

    ၂၀၂၄ ခုနှစ် ဧပြီလနှင့် ဇွန်လများတွင် အပူချိန်ပိုမိုမြင့်မားလာနိုင်သည့် ခန့်မှန်းချက်အပေါ် အခြေပြုလျက်  စားသောက်ကုန်ဈေးနှုန်းများနှင့် စပ်လျဉ်းသည့် သတိပေးချက်တစ်ရပ်ကို အိန္ဒိယ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့မှုအရ ယခုကဲ့သို့ သက်တမ်းတိုး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ဇန်နဝါရီ လ၌ ပဲမျိုးစုံဈေးနှုန်းဖောင်းပွမှုသည် ၁၆.၀၆ ရာခိုင်နှုန်းရှိရာမှ ဖေဖော်ဝါရီလတွင် ၁၈.၄၈ ရာခိုင်နှုန်း ထိ မြင့်တက်လာမှုသည် စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုကို အဓိကသက်ရောက်စေခဲ့ပါသည်။

     စိုက်ပျိုးရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ်ခန့်မှန်းချက်အရ ယခုနှစ် ကုလားပဲစိုက်ပျိုးထုတ် လုပ်မှုမှာ တန်ချိန် ၁၂.၁ သန်းခန့်ထွက်ရှိနိုင်ပြီး ပြီးခဲ့သည့်နှစ် ထုတ်လုပ်မှုအောက် အနည်းငယ် လျော့နည်းမည်ဖြစ်ပါသည်။ ပဲစင်းငုံ ထုတ်လုပ်မှုအနေဖြင့် တန်ချိန် ၃.၄၂ သန်းခန့် ထွက်ရှိမည်ဟု အောက်တိုဘာလ ပထမအကြိမ်ခန့်မှန်းချက်တွင် ဖော်ပြထားရာမှ ယခုအခါ တန်ချိန် ၃.၃၃ သန်း သို့ လျှော့ချခန့်မှန်းထားရာ ယခင်နှစ် စိုက်ပျိုးထွက်ရှိမှုပမာဏနှင့် တူညီမည့် အခြေအနေရှိသည်။

     စိုက်ဧကလျော့နည်းမှုနှင့် ရာသီဥတု၏ သက်‌ရောက်မှုများကြောင့် အထွက်ပမာဏများ ကျဆင်းပြီး ပြည်တွင်းတွင် ကုလားပဲ လိုအပ်ချက်ဖြစ်ပေါ်နိုင်မှုအပေါ် စားတော်ပဲတင်သွင်းမှုများ က ဖြည့်ဆည်းကူညီနိုင်ရန် မျှော်လင့်ထားကြောင်း အစိုးရအရာရှိများက  ပြောကြားခဲ့သည်။

    လက်ရှိကာလတွင် ကုလားပဲ၏ ကုန်အဝယ်ဒိုင်ဈေးနှုန်းများမှာ ၁ ကွင်တယ် (၁၀၀ ကီလို ဂရမ်) လျှင် ရူပီး ၆၀၀၀ နှုန်း ဝန်းကျင်ဖြင့် ရောင်းဝယ်လျက်ရှိပြီး အခြေခံရည်ညွှန်းဈေးနှုန်း ဖြစ်သည့် ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ၅၄၄၀ ရူပီးနှုန်းကို ကျော်လွန်လျက်ရှိပါသည်။

Source: Telegraph India, 8 April 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)