Main menu

မော်တော်ယာဉ်ပြင်ဆင်ခြင်းဝန်ဆောင်မှုကို ရှောင်ရှားနိုင်စေရန် ဂရုပြုသင့်သည့်အချက်များမော်တော်ယာဉ်ပြင်ဆင်ခြင်းဝန်ဆောင်မှုကို ရှောင်ရှားနိုင်စေရန် ဂရုပြုသင့်သည့်အချက်များ

Powered by Drupal

            မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်း သို့မဟုတ် ကားဝပ်ရှော့လုပ်ငန်းသည် ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစား တစ်ခုဖြစ်ပါသည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းသည် စားသုံးသူအခွင့်အရေး တစ်ချက်ဖြစ်ပါသည်။ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရန်နှင့် စိတ်ကျေနပ်မှုရရှိစေရေး အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးသဖြင့် တိုင်ကြားမှုများကို လက်ခံညှိနှိုင်းဖြေရှင်းပေးခြင်းနှင့် ဥပဒေအရအရေးယူခြင်းတို့ကိုဆောင်ရွက်လျက်ရှိပါသည်။

           နိုင်ငံတကာတွင် စားသုံးသူကာကွယ်ရေးအလေ့အထများ ရင်းနှီးနေကြပြီ ဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ တိုင်ကြားမှုအလေ့အထမရှိကြသေးသည်များတွေ့ရပါသည်။ နိုင်ငံတကာတွင် ဖြစ်ပွားလေ့ရှိသော မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် တိုင်ကြားမှုများ ဖြစ်ပေါ်ခြင်းအကြောင်းနှင့် ဆောင်ရန်၊ ရှောင်ရန်များကို ဗဟုသုတအဖြစ် စုစည်းတင်ပြလိုပါသည်။

မော်တော်ယာဉ်ပြင်ဆင်ခြင်းနှင့်ပတ်သက်သည့် တိုင်ကြားမှုများ

          မော်တော်ယာဉ်ပြင်ဆင်စရိတ်ကို ခန့်မှန်းထားသည်ထက် များစွာ ပိုမိုတောင်းခံသည်ဟုဆိုကာ တိုင်ကြားခြင်း၊ ခရီးထွက်စရာရှိ၍ မော်တော်ယာဉ်တွင် အားနည်းချက်ရှိမရှိ ကားဝပ်ရှော့တစ်ခုတွင် စစ်ဆေးပြီးနောက် ခရီးထွက်ရာတွင် ဘရိတ်ချွတ်ယွင်းမှုဖြစ်ပေါ်လာခဲ့ရာ ယခုမှဖြစ်ခြင်းမဟုတ်ဘဲ မူလစစ်ဆေးခဲ့သည့်အချိန်ကတည်းက သိရှိရမည့်အခြေအနေဖြစ်သဖြင့် စစ်ဆေးခဲ့သည့် ကားဝပ်ရှော့ ကိုတိုင်ကြားခြင်း၊ ကားဝပ်ရှော့အသစ်တစ်ခုကိုပြကြည့်တော့မှ ယခင်ပြုပြင်ခဲ့သည့် ကားဝပ်ရှော့၏ အားနည်းချက်ကြောင့် စက်ပစ္စည်းအသစ်လဲလှယ်ရသည်အထိ မကုန်သင့်ဘဲ ကုန်ကျရသည့်အတွက် တိုင်ကြားခြင်း၊ ဤကားဝပ်ရှော့တွင်လာရောက်ပြုပြင်ပါက ၂၀ ရာခိုင်နှုန်းလျော့ဈေးပေးမည်ဟု ကြော်ငြာ ထားသဖြင့် ကားဘော်ဒီသွားရောက်ပြုပြင်ရာ ၂၀ % လျော့ဈေးသည် ယာဉ်ဘော်ဒီအတွက်မဟုတ်ဘဲ စက်ပိုင်းဆိုင်ရာအတွက်သာဖြစ်သည်ဟု ငွေပေးချေချိန်ကျမှ လျော့မပေးဘဲ အသိပေးခံရခြင်းမျိုး ဖြစ်သဖြင့် စိတ်ကျေနပ်မှုမရှိ၍ တိုင်ကြားခြင်း စသည်တို့လေ့လာရပါသည်။

မော်တော်ယာဉ်ပြင်ဆင်ရန် လိုအပ်ပါက ကြိုတင်သိရှိလေ့လာသင့်သည့်အချက်များ

         မော်တော်ယာဉ်ကို အကြီးစားပြင်ဆင်ရန်လိုအပ်လာပါက လုပ်ငန်းအပ်နှံခြင်းမပြုမီ ယုံကြည် စိတ်ချရသည့် ကားဝပ်ရှော့ကို ရှာဖွေသင့်ရာ အသေးစားပြုပြင်မှုများကို ဆိုင်အမျိုးမျိုးတွင် စမ်းသပ်အပ်နှံ ကြည့်၍ ရလဒ်ကို စိတ်ကျေနပ်သည့် ဆိုင်မတွေ့မချင်းရှာဖွေသင့်ပါသည်။ ကားဝပ်ရှော့သို့ ဖြစ်နိုင်ပါက ကားအကြောင်း နားလည်သူကိုခေါ်သွားသင့်ပါသည်။ မိတ်ဆွေများယုံယုံကြည်ကြည်သွားရောက် ပြုပြင် လေ့ရှိသောဆိုင်ကို မေးမြန်းစုံစမ်းခြင်း၊ သက်ဆိုင်သည့်အသိအမှတ်ပြု လက်မှတ်ရ စက်ပြင်ဆရာ၊ လုပ်ငန်းလိုင်စင်၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းလိုက်နာသည့် ဝပ်ရှော့ဟုတ်မဟုတ် လေ့လာခြင်း၊ အွန်လိုင်းထောက်ခံချက်များမှ အကူအညီရရှိနိုင်သော်လည်း ခိုင်မာသော အရင်းအမြစ်များကဟုတ်မှသာ ယုံကြည်သင့်ပါသည်။

         ကားဝပ်ရှော့သို့ရောက်ရှိပါက ပိုင်ရှင်၊ မန်နေဂျာ၊ ဝပ်ရှော့ဆရာ၊ တာဝန်ရှိသူကို မိမိမော်တော်ယာဉ် ဖြစ်စဉ်နှင့် ဖြစ်လိုသည်ကိုပြောပြအလုပ်အပ်၍ သဘောတူညီမှုရယူရပါမည်။ ဝပ်ရှော့ ဆရာက ကားအခြေအနေကို စစ်ဆေးပြီး ခန့်မှန်းကုန်ကျငွေတွက်ချက်ရန်မှာ အဆောက်အဦ အသစ် ဆောက်လုပ်ရန်ခန့်မှန်းတွက်ချက်မှုကဲ့သို့ သေချာပေါက်တွက်ချက်မရနိုင်ကြောင်း၊ သမားတော်က ရောဂါရှာသလို ကား၏ရောဂါကို ရှာဖွေရသည့် ပညာရပ်ဖြစ်ကြောင်း နားလည်ပေးပြီး ကိုယ်သုံးနိုင်မည့် ငွေကြေးပမာဏအကန့်အသတ်ရှိပါက ကြိုတင်ပြောပြထားရပါမည်။ ထို့နောက် ထင်မှတ်မထား လောက်အောင် ပြုပြင်စရိတ်ကုန်ကျသွားပါက အံ့အားသင့်ပြီး စိတ်ကျေနပ်မှုမရှိမည်ဖြစ်၍ ခန့်မှန်း ကုန်ကျစရိတ်ကို ကြိုတင်မေးမြန်းထားသင့်ရာ  ခန့်မှန်းပြီးစီးမည့်ရက်၊  အသစ်လဲလှယ်ရမည့် အပိုပစ္စည်း ကုန်ကျငွေ၊  ပစ္စည်းလဲရန်မလိုသည့် ပြုပြင်ကုန်ကျငွေ၊  လက်ခ၊ အလုပ်သမားခ၊ အခြားကုန်ကျငွေနှင့် စုစုပေါင်းကုန်ကျမည့်ငွေတို့ကို ခန့်မှန်းတွက်ချက်ပြီးကျေနပ်မှ အလုပ်အပ်နှံသင့်ပါသည်။

ယာဉ်ပြင်ဆင်ရန် အပ်နှံသည့်အချိန် ကြိုတင်စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ထားသင့်သည့် အချက်များ

          ကားပိုင်ရှင်က ဝပ်ရှော့သို့ နေ့စဉ်သွားရောက်ကြည့်ရှုမေးမြန်းခြင်း၊ အရေးကြီးသည့်အပိုင်း ဖြုတ်တပ်သည်ကို စောင့်၍ ကြည့်ပေးခြင်းဆောင်ရွက်နိုင်ပါက ပိုမိုကောင်းမွန်ပြီး ကားပိုင်ရှင်က ပစ္စည်းဘိုးကြိုတင်ငွေမည်မျှပေးထားမည်(သို့မဟုတ်) ပစ္စည်းဝယ်၍လာပေးမည် ၊ ဝပ်ရှော့က ပစ္စည်းဝယ်ပါက အဝယ်ဘောက်ချာပြန်ပေးမည်၊ ပစ္စည်းအဟောင်းများပြန်လည်ပေးအပ်မည်၊ ပစ္စည်းအသစ်များတပ်ဆင်ထားကြောင်းစစ်ဆေးနိုင်မည်၊ ဝပ်ရှော့က သဘောတူအာမခံထားသည့်အလုပ်များအားလုံးလုပ်ဆောင်ခဲ့မည်၊ ယခုဝပ်ရှော့နှင့်မဆိုင်သည့်အပိုင်းဖြစ်သည့် ဒိုင်နမို၊ ဝါယာရိန်းကဲ့သို့ အခြားအပိုင်းများထံ သွားရောက်ရန်လိုအပ်ပါက အကြံပြုအသိပေးရမည်၊ ဝပ်ရှော့၏ အားနည်းချက်ကြောင့် မော်တော်ယာဉ် ထိခိုက်ပျက်စီးပျောက်ဆုံးမှု မဖြစ်စေ ရေးအာမခံရမည်၊ ပထမအကြိမ်လာရောက်ပြုပြင်ခဲ့ပြီးနောက် နောက်ဆက်တွဲ ပြုပြင်ရန် လိုအပ်ချက်ထပ်မံရှိလာပါက လုပ်အားခထပ်မံပေးစရာလိုအပ်သည်/မလိုအပ်သည်၊ သတ်မှတ်ရက်ချိန်းတွင်မပြီးပါက ဖုန်းဆက်အကြောင်းကြားအသိပေးရမည်၊ အကြောင်းမကြား၍ သတ်မှတ်ရက်တွင် ခရီးဝေးမှလာရပါက ဝပ်ရှော့မှ ခရီးစရိတ် ဆီဖိုးပြန်ပေးရမည်၊ ခန့်မှန်းကုန်ကျငွေ၏ ၂၀% ထက်ပိုမိုကုန်ကျမည်ဆိုပါက အကြောင်းကြားအသိပေး၍ သဘောတူ ညီချက်ယူရမည်၊  ခန့်မှန်းမထားသောအပိုင်းက ပျက်စီးမှုပေါ်ပေါက်တွေ့ရှိလာပါက ယာဉ်ပိုင်ရှင်ကို အကြောင်းကြား ညှိနှိုင်းရမည်၊ ပြင်ဆင်ပြီးစီး၍ ကားလာရောက်ယူစဉ်တွင် ယာဉ်အပ်နှံသူကကျသင့်ငွေအပြေအကျေ ပေးချေရမည် စသည့်စည်းကမ်းချက်များကိုကြိုတင်ချမှတ်ထားသင့်ပါသည်။

         ထို့အပြင် လုပ်ငန်းစာချုပ်အသေးစား(သို့) စည်းကမ်းချက်များပါရှိသောပြေစာကို နှစ်ဦးနှစ်ဘက် လက်မှတ်ရေးထိုးထားသင့်ပြီး လုပ်ငန်းအပ်နှံမှုကို သိရှိသော မျက်မြင်သက်သေ၊ ဓာတ်ပုံမှတ်တမ်းတို့ကို လိုအပ်လာပါက အသုံးပြုနိုင်ရန်စီစဉ်ထားသင့်ပါသည်။

စားသုံးသူကာကွယ်ရေးဥပဒေပါ ဝန်ဆောင်မှုနှင့်ပတ်သက်၍အာမခံချက်ပေးခြင်း

          စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်း၍ အာမခံချက် များအနက် အာမခံထားသောအချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့်ဝန်ဆောင်မှုတန်ဖိုးအတိုင်းပေးအပ်စေခြင်းတို့ပါဝင်ပြီး ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် လျော်ကြေးပေးရန်၊ ကုစားခွင့်ပေးရန်တို့ကို စားသုံးသူကတောင်းဆိုပိုင်ခွင့် ရှိကြောင်း ပါဝင်ပါသည်။ ကားဝပ်ရှော့ဆိုင်ကို ဝန်ဆောင်မှုပေးသည့် လုပ်ငန်းရှင်အပိုင်း၊ မော်တော်ယာဉ် ပိုင်ရှင်ဖြစ်သည့် ပြင်ဆင်ရန်အပ်နှံသူကို စားသုံးသူအပိုင်းဟု နိုင်ငံတကာအမြင်ဖြင့်ယူဆ၍ တင်ပြနေခြင်း ဖြစ်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံရှိ ကားဝပ်ရှော့ဆိုင်အများစုသည် လုပ်ငန်းရှင်ကြီးအဆင့်ထိ မရှိကြသည်ကများသဖြင့် လုပ်ငန်းရှင်၏တာဝန်များကို ချိုးဖောက်မှုအဖြစ် တိုင်ကြားရန်လည်း မပြုလုပ်ကြခြင်းဖြစ်နိုင်ပါသည်။  တဖက်ကကြည့်လျှင် လက်ခသာယူနေရသည့် အလုပ်ရုံလုပ်သား ဖက် တွင်လည်း လုပ်ငန်းလာရောက်အပ်နှံသူကို စားသုံးသူဟုမမြင်ဘဲ လုပ်ငန်းရှင်သူဌေးများဟု မြင်နေမည် ဖြစ်နိုင်ပါသည်။ မော်တော်ယာဉ်ပြင်ဆင်ရန်လာရောက်အပ်နှံသူများက ငွေအကျေချက်ချင်းမချေဘဲ ထားပါက ကားဝပ်ရှော့ဆိုင်ဘက်က အခွင့်အရေးဆုံးရှုံးမှုဖြစ်ပေါ်လာနိုင်သည်များလည်းရှိပါသည်။

          မော်တော်ယာဉ်ပြုပြင်ခြင်းဝန်ဆောင်မှုအတွက်စံနှုန်းသတ်မှတ်ချက်မရှိခြင်း၊ စမ်းသပ်စစ်ဆေးရန် ကျွမ်းကျင်မှု လိုအပ်ခြင်းတို့ကြောင့် တိုင်ကြားမှုပြုရန်ခက်ခဲသည့်အခြေအနေတွင် စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်သည့် ဈေးနှုန်းမသင့်၊ အဆင်မပြေ၊ စိတ်ကျေနပ်မှုမရှိသော မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းမှုကို ရှောင်ရှားနိုင်စေရန် အဆိုပါအချက်များကို ဂရုပြုစေလိုပါသည်။

    စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၄)တွင် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးအရ အာမခံပေးထားသောအချိန်ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင်မှုကို မရရှိခဲ့လျှင် စားသုံးသူ၏နစ်နာမှုအတွက် ကုစားခွင့်ပေးရန် ဟုပါရှိပြီး၊ ပုဒ်မ(၂၁)အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုလိုက်နာရန် ပျက်ကွက်ပါက စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားနိုင်ပါသည်။ စေ့စပ်ညှိနှိုင်းပေးခြင်းနှင့် ဥပဒေအရအရေးယူခြင်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ လုပ်ငန်းအပ်နှံသူကလည်း စားသုံးသူ၏တာဝန်များတွင်ပါဝင်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းအချက်ကို သိရှိလိုက်နာရမည်ဖြစ်ပါသည်။

        သို့ဖြစ်ပါ၍ စားသုံးသူရေးရာဦးစီးဌာနသို့ ဝန်ဆောင်မှုလုပ်ငန်းများနှင့်သက်ဆိုင်သည့် တိုင်ကြားမှုများအနက် ဆက်သွယ်ရေး၊ ပညာရေး၊ ခရီးသွားဝန်ဆောင်မှုများသာ များပြားပြီး ကားဝပ်ရှော့နှင့်ပတ်သက်၍ တိုင်ကြားမှုမရှိသော်လည်း စိတ်ကျေနပ်မှုမရှိဖြစ်ရသည်များကို ကြားသိရပါသည်။ မြန်မာနိုင်ငံသည် စာချုပ်စာတမ်း၊ ပြေစာ၊ အထောက်အထားဆောင်ရွက်သည့် အလေ့အကျင့် နည်းနေသေးပြီး အလုပ်ရှုပ်၊ စိတ်ရှုပ်မခံတော့ဘဲ လူမှုရေး၊ ရင်းနှီးမှု၊ အားနာမှု၊ အပြန်အလှန်ယုံကြည်မှုတို့ဖြင့် လုပ်ဆောင်သည့် အလေ့အထများမှ နိုင်ငံတကာအလေ့အထများကဲ့သို့ ပြောင်းလဲကြရမည်ဖြစ်ကြောင်း စေတနာရှေ့ထား၍ တင်ပြအပ်ပါသည်။

DOCA(စစ်ကိုင်း)