Main menu

စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရေး အသိပညာပေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း‌‌‌ဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၆.၂.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ ပွင့်ဖြူမြို့ပေါ်ရှိ စားသုံးဆီ ရောင်းချဖြန့်ဖြူးလျက်ရှိသော လုပ်ငန်းရှင်(၅)ဦးအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကွင်းဆင်းအသိပေးဆွေးနွေးခဲ့ပါသည်။

         အဆိုပါ ကွင်းဆင်းအသိပေး ဆောင်ရွက်ရာတွင် ယခုအခါ ဈေးကွက်အတွင်းရှိ စားသုံးဆီများ အနက် အချို့သော စားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking Oil)ဟု ဖော်ပြပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိရာ အဆိုပါဖော်ပြချက်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်အရ ကုန်စည်တစ်ခု၏ အမျိုးအမည်မဟုတ်သည့်အပြင် ပင်ရင်းပါဝင် ပစ္စည်းကို အခြေခံဖော်ပြထားခြင်းမရှိသော ယေဘုယျဆန်သည့် အမျိုးအမည်တစ်ခုသာ ဖြစ်၍ စားသုံးသူများ ထင်ယောင်ထင်မှားဖြစ်စေသောကြောင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီး ဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှ ညွှန်းကြားချက်အမှတ်(၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထားသည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို “မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ” ဖော်ပြရမည် ဖြစ်ပြီး အသားတင်ပမာဏကိုဖော်ပြရာတွင် ပိဿာ/ကျပ်သားဖြင့် ဖော်ပြပေးရမည်ဖြစ်ကြောင်း၊ (၂၀.၁၂.၂၀၂၁)ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး (၆)လပြည့်မြောက်သည့်နေ့ (၂၁.၆.၂၀၂၂) ရက်နေ့တွင် စားသုံးဆီများတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြထားခြင်း မရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေး ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

        ထို့အပြင် အမှတ်တံဆိပ်ပါ စားသုံးဆီများကို ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်လိုက် သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကျန်းမာရေးဦးစီးဌာန(FDA)ထောက်ခံချက်ပါရှိသော စားသုံးဆီများကိုသာ ရောင်းချဖြန့်ဖြူးသွားရန် အသိပေးဆွေးနွေးခဲ့ပါသည်။ ထိုသို့ စီးပွားရေးလုပ်ငန်း ရှင်များသို့ ကွင်းဆင်းအသိပေးဆွေးနွေးခြင်းများဖြင့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထုတ်လုပ်လာမည်ဖြစ်သည့်အတွက် စားသုံးသူများအနေဖြင့် ဘေးကင်းလုံခြုံသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးလာနိုင်မည်ဖြစ်ပြီး ယုံကြည်စိတ်ချရမှု ပိုမိုရရှိလာစေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)