Main menu

ဖြူးမြို့ စံပယ်ပန်းဈေးကွက်

Powered by Drupal

      စံပယ်ပန်းသည် ဆယ့်နှစ်ရာသီပွင့်သောပန်းဖြစ်သော်လည်း တပေါင်းလမှ နယုန်လအထိ အများဆုံးပွင့်ကြသည်။ ဖြူးမြို့တွင် စိုက်ပျိုးသောစံပယ်ပန်းများမှာ ရန်ကုန်စံပယ်၊ စံပယ်ကြက်ရုံး၊ ပဲခူးစံပယ်နှင့် စံပယ်အုန်းပုတ်တို့ ဖြစ်ပါသည်။ ယခုအခါတွင် စံပယ်ပန်းများ လှိုင်လှိုင်ပွင့်ပြီး စံပယ် ပန်းရောင်းသူများ တွက်ချေကိုက်လျက်ရှိပါသည်။

     စံပယ်ပန်းစိုက်ပျိုးသူများသည် ကိုယ်တိုင်သော်လည်းကောင်း၊ ဖောက်သည်ပေး၍သော် လည်းကောင်း ရောင်းချကြပါသည်။ ဖောက်သည်ဝယ်ယူသူများသည် စံပယ်စိုက်ခင်းမှ ပန်းပွင့်များကို ဖောက်သည်ဈေးဖြင့် လာရောက်ဝယ်ယူကြပြီး ဝါးကိုင်းသေးသေးတွင် အဖူးထိုး၍ သော်လည်း ကောင်း၊ အပ်ခြည်ဖြင့် သီကုံး၍သော်လည်းကောင်း ပြန်လည်ရောင်းချကြပါသည်။ ၂၀၂၄ခုနှစ် မေလတတိယပတ်တွင် စံပယ်ပန်း ၅ ပွင့်ပါ တစ်ကုံးလျှင် ၅၀ ကျပ်နှင့် ၅ ကုံးပါတစ်တွဲလျှင် ၂၀၀ ကျပ်ဖြင့် ရောင်းချကြပါသည်။

    ဖြူးမြို့ စံပယ်ပန်းခင်းတစ်ခုမှ ဖောက်သည်ဝယ်သူတစ်ဦးက ပန်းခင်းမှ ပန်းများကို အပွင့်ရေပေါ်မူတည်၍ ၁၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ ဝယ်ယူရပြီး သီကုံး၍ ပြန်ရောင်းလျှင် ၂၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်အထိ ရောင်းချရပါသည်။ ဖွေးဖြူသင်းကြိုင်၍ လူကြိုက်များသော စံပယ်ပန်းကို မိသားစုတပိုင်တနိုင် အိမ်တွင်းစီးပွားအဖြစ် စိုက်ပျိုးကြပြီး  ခြံကျယ်ကျယ်ဖြင့် စီးပွားဖြစ်စိုက်ပျိုးသူများလည်းရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)