![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/31.5_2.jpg?itok=mf7mdDc8)
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဥယျာဉ်ဇင်ကျေးရွာ၌ စပါး၊ နှမ်း၊ ပဲသီး၊ ခရမ်းချဉ်သီးနှင့် ဥယျာဉ်ခြံသီးနှံများကို စီးပွားဖြစ်အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရှိရပါသည်။
ဥယျာဉ်ဇင်ကျေးရွာတွင် ခရမ်းချဉ်သီးစိုက်တောင်သူ(၁၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ (၇)ဧကကျော် ရှိကြောင်းသိရပါသည်။ စိုက်ပျိုးရာတွင် တိုင်ထောင်စနစ်ဖြင့် မြေအောက်ရေကိုအသုံးပြုကာ စိုက်ပျိုးခြင်းဖြစ်ပါကြောင်း၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင်စတင်စိုက်ပျိုးပြီး (၂)လခွဲအကြာတွင် ခူးဆွတ်ရကြောင်း၊ စိုက်သည့်မျိုးမှာ ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးဖြစ်ပြီး မျိုးစေ့တစ်ထုပ်လျှင် ကျပ်(၃၀၀၀၀) ပေးရကြောင်း၊ တစ်ဧကလျှင် မျိုးထုပ်(၈)ထုပ်ခန့်ကုန်ကျပါကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုးဖိုး၊ ရေသွင်းခ၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၅) သိန်းကျော်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်နည်းတူ တစ်ဧကလျှင် ပိဿာချိန်(၇၀၀) ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီးလှိုင်လှိုင်ပေါ်ထွက်ချိန် ၂၀၂၄ခုနှစ်၊ ဧပြီလတွင် တစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၃၀၀)ရရှိခဲ့ပြီး ယခုမေလ(စတုတ္ထပတ်)တွင် ခရမ်းချဉ်သီးမှာ ရှားပါးလာချိန်ဖြစ်၍ တစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၂၀၀၀)ဈေးရရှိပါကြောင်း၊ ထွက်ရှိသည့် ခရမ်းချဉ်သီးများကို မင်းဘူးမြို့သို့တင်ပို့ရောင်းချပါကြောင်း၊ စိုက်ပျိုးသည့်တောင်သူများအနေဖြင့် ထိုက် သင့်သည့်အကျိုး အမြတ်များရရှိပါကြောင်း ဥယျာဉ်ဇင်ကျေးရွာနေ ခရမ်းချဉ်စိုက်တောင်သူ ဦးချစ်ကိုထံမှ သိရှိရပါသည်။
DOCA(မကွေး)