ဘရာဇီးနိုင်ငံ၊ စီးပွားရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှုကောင်စီ (CAMEX) ၏ လက်အောက်ရှိ စီမံခန့်ခွဲရေးအမှုဆောင်ကော်မတီသည် ဆန်အမျိုးအစား ၃ ခုအပေါ် သွင်းကုန်ခွန် ဖယ်ရှားရန် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနနှင့် အမျိုးသားဆန်အရောင်းကုမ္ပဏီ (CONAB) တို့၏ အဆိုပြုချက်ကို ၂ဝ၂၄ ခုနှစ် မေလ ၂ဝ ရက်နေ့၌ သဘောတူခွင့်ပြုခဲ့ပါသည်။
အဆိုပါ ခွင့်ပြုချက်အရ ပေါင်းဆန်မဟုတ်သော ဆန်အမျိုးအစား နှစ်ခုနှင့် အရောင်တင် ထားသော ဆန်အမျိုးအစား တစ်ခုတို့ကို သာမန်ပြည်ပ အကောက်ခွန်ကင်းလွတ်ခွင့်စာရင်း (List of Exceptions to the Common External Tariff) တွင် ထည့်သွင်းခဲ့ပါသည်။ ထိုကဲ့သို့ ဆန်သွင်းကုန်ခွန် ဖယ်ရှားရခြင်းမှာ ဘရာဇီးနိုင်ငံ၏ ဆန်ထုတ်လုပ်မှုတွင် ၇ဝ% ခန့် ပါဝင်နေသည့် Rio Grande do Sul ဒေသ၌ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သည့်အတွက် နိုင်ငံအတွင်း ဆန်ရောင်းချမှုကို ထိခိုက်မှု မရှိစေရန် ဖြစ်ပါသည်။
ဘရာဇီး ဖွံ့ဖြိုးတိုးတက်မှု၊ စက်မှု၊ ကုန်သွယ်ရေးနှင့်ဝန်ဆောင်မှုဝန်ကြီး Geraldo Alckmin က အစိုးရအနေဖြင့် စားနပ်ရိက္ခာဖူလုံရေးအတွက် အာမခံနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းနှင့် အကောက်ခွန်နှုန်းထားများကို သုညရာခိုင်နှုန်းသို့ လျှော့ချဖြတ်တောက်ခြင်းဖြင့် နိုင်ငံအတွင်း ဆန်အရောင်းလျော့နည်းမှုကြောင့် ဆန်ပြတ်လပ်ခြင်း သို့မဟုတ် ဆန်ဈေးနှုန်းများ မြင့်တက်ခြင်း အရေးကိစ္စတို့ကို ရှောင်ရှားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
ဘရာဇီးနိုင်ငံအပါအဝင် မာကိုဆာသဘောတူညီချက်ကို ချုပ်ဆိုထားသောနိုင်ငံများတွင် ကုန်ပစ္စည်းများအတွက် သတ်မှတ်ထားသော Nomenclatura Comum do Mercosul (NCMs) ခေါ် ကုန်စည်အမျိုးအမည် ခွဲခြားမှုစနစ်အရ NCM 1006.10.92 အောက်ရှိ မကြိတ်ခွဲရသေးသော စပါး၊ NCM 1006.20.20 အောက်ရှိ ကြိတ်ခွဲပြီးဆန်လုံးညိုနှင့် NCM 1006.30.21 အောက်ရှိ ကြိတ် ခွဲပြီးဆန်ဖြူများအတွက် အကောက်ခွန်နှုန်းကို ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သုည ရာခိုင်နှုန်း လျှော့ချ သတ်မှတ်သွားမည်ဖြစ်ကြောင်း ဘရာဇီးနိုင်ငံတော်ပြန်တမ်း၌ ထုတ်ပြန်ဖော်ပြ ထားပါသည်။ လိုအပ်ပါက အဆိုပါ အကောက်ခွန်လျှော့ချပေးသည့် အချိန်ကာလကို ဘရာဇီး ဖွံ့ဖြိုး တိုးတက်မှု၊ စက်မှု၊ ကုန်သွယ်ရေးနှင့်ဝန်ဆောင်မှုဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှု အထွေထွေ အတွင်းရေးမှူးချုပ်ရုံးက ပြန်လည်သုံးသပ်သွားမည်ဖြစ်ပါသည်။
လက်ရှိကာလတွင် ဘရာဇီးနိုင်ငံသည် မာကိုဆာသဘောတူညီချက်အရ အကောက်ခွန် သုညရာခိုင်နှုန်းအထိ လျှော့ချထားပြီးဖြစ်သော အဆိုပါ မာကိုဆာအဖွဲ့ဝင်နိုင်ငံများထံမှ ဆန်များ ကို အဓိကဝယ်ယူတင်သွင်းလျက်ရှိသည်။ ဘရာဇီးနိုင်ငံ၏ အကောက်ခွန်နှုန်း လျှော့ချမှုအရ ထိုင်း နိုင်ငံကဲ့သို့သော အခြားသောပင်ရင်းဒေသနိုင်ငံများ ထံမှလည်း ဆန်ဝယ်ယူတင်သွင်းမည့် အလား အလာရှိသည်။ ၂ဝ၂၄ ခုနှစ်အတွင်း ဧပြီလအထိ ဘရာဇီးနိုင်ငံ၏ စုစုပေါင်း ဆန်တင်သွင်းမှုတွင် ထိုင်းနိုင်ငံထံမှ ၁၈.၂% ကို ဝယ်ယူတင်သွင်းခဲ့ပါသည်။
Source: SSRiceNews, 24 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)