Main menu

ရာသီစာအင်ဥများ ဈေးကွက်သို့ စတင်ဝင်ရောက်လာ

Powered by Drupal

        ဟင်းသီးဟင်းရွက်သစ်သီးဝလံဈေးကွက်တွင် မိုးဦးကျရာသီ၌ထွက်ပေါ်သော ရာသီစာတစ်မျိုးဖြစ်သည့် အင်ဥများ မေလကုန်ပိုင်းမှစ၍ ဈေးကွက်အတွင်း အနည်းငယ်ရောင်းချမှုရှိလာပါသည်။ အင်ဥသည် အင်ပင်မှကြွေကျထားသော အရွက်များအောက်တွင်ပေါက်ရောက်သော ဥတစ်မျိုးဖြစ်သောကြောင့် အင်ဥဟုခေါ်ဆိုကြခြင်းဖြစ်ပါသည်။ တချို့ဒေသများတွင်မူ မှိုဥ၊ မှိုလုံးဟုခေါ်ဆိုကြပြီး မိုးဦးကျရာသီ အင်ပင်များ၏အောက် မြေကြီးအက်ကွဲနေသောနေရာများတွင် ဓား/ ဝါးချွန်များဖြင့်ယက်ဖြဲ၍ ရှာဖွေကြရပါသည်။ အင်ဥမှာ မြန်မာနိုင်ငံတွင်သာမက ပြင်သစ်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံများတွင်လည်း ပေါက်ရောက်ထွက်ရှိသည်ဟုသိရပါသည်။ ပြည်ဒေသ ပေါက်ခေါင်း၊ သဲကုန်း၊ ပြည်အနီးတဝိုက်ရှိကျေးရွာများမှ ပြည်ဈေးအကွက်သို့ဝင်ရောက်ကြောင်းသိရပါသည်။ အင်ဥထွက်ပေါ်စရာသီတွင် နို့ဆီတစ်ဘူးလျှင် ၄၀၀၀ကျပ်ဖြင့် အင်ဥကြိုက်သူများက ဈေးကောင်းပေး၍ ဝယ်ယူစားသုံးကြရပါသည်။ ထွက်ရှိမှုများလာချိန်တွင်မူ ဈေးကွက်အတွင်း ပေါ်စဈေးထက် ဈေးနှုန်းလျော့နည်းသွားတတ်ပါသည်။ အင်ဥသည် ရာသီစာအစားအစာဖြစ်တဲ့အတွက် အိမ်ရှင်မတို့အနေဖြင့် ကန်စွန်းရွက်နှင့်ကြော်စားခြင်း၊ ခရမ်းချဉ်သီး၊ ငြုပ်သီးစိမ်းတို့ဖြင့် အစပ်ချက်စားကြခြင်း၊ ပြုတ်ပြီး သုပ်စားကြခြင်းများရှိပြီး သတ်သတ်လွတ်စားသုံးသူများအတွက်လည်း သတ်သတ်လွတ်ဟင်းလျာတစ်ခုအဖြစ်  အဆင်ပြေသောဟင်းလျာတစ်ခုဖြစ်ပါသည်။

        အင်ဥကို ချက်ပြုတ်စားသောက်မည်ဆိုပါက ရေဖြင့် ၄ကြိမ်၊ ၅ကြိမ်ခန့်ဆေးကြောပေးရပါသည်။ ရေအထပ်ထပ်မဆေးကြောပါက စားသုံးသည့်အခါ သဲများပါဝင်နိုင်သည့်အတွက် ရေဖြင့်သေချာဆေးကြောမှသာ တွယ်ကပ်နေသောသဲများ၊ မြေကြီးများကွာကျပြီး အင်ဥဖြူဖြူလေးများရရှိလာမည်ဖြစ်ပါသည်။အင်ဥမှာ မှိုအမျိုးအစားထဲတွင်ပါဝင်ပြီး မှိုတွင်ပါဝင်သော အာဟာရဓာတ်များဖြစ်သည့် ပရိုတင်း၊ အမိုင်နိုအက်စစ်ဓာတ်၊ ကယ်လစီယမ်၊ မီးစုန်းနှင့် Antioxidants များပါဝင်သောကြောင့် ကျန်းမာရေးအတွက် အကျိုးပြုစေသောရာသီစာဖြစ်သည်။  ထို့ပြင် ယူရစ်အက်စစ်ဓာတ်လည်း များစွာပါဝင်သည့်အတွက် လေးဘက်နာ၊ ဂေါက်ရောဂါသမားများ သတိထားစားသုံးသင့်ပါသည်။ အင်ဥနှင့် ဒညင်းသီး၊ ပီလောပီနံ၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊ မျှစ်ချဉ်၊ ပုစွန်ချဉ်၊ ငါးဖယ်ချဉ်၊ ငါးလေးချဉ်၊ ဆူးပုပ်၊ ပဲငါးပိ စသည့်အစားအစာများနှင့်တွဲဖက်မစားသင့်‌ကြောင်းနှင့် ခါးကိုက်/ ခါးနာသူများ၊ အစာအဆိပ်သင့်တတ်သူများ၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါရှိသူများ မစားသုံးသင့်ကြောင်း  လေ့လာသိရှိရပါသည်။ 

         ယခုကဲ့သို့သောရာသီကာလ ဟင်းသီးဟင်းရွက်များစွာထွက်ရှိချိန် မိုးဦးကာလတွင်သာ ထွက်ပေါ် တတ်သည့် အင်ဥများအား ကြိုက်နှစ်သက်သူများအနေဖြင့် အသားဟင်းနှင့်ပင် မလဲနိုင်သော ဟင်းလျာတစ်မျိုးဖြစ်သည့်အတွက် ဈေးကွက်သို့ စဝင်ပြီဆိုကတည်းက ဈေးကောင်းစေကာမူ ဝယ်ယူစားသုံးကြကာ အထွက်လှိုင်ချိန် ဈေးလျော့နည်းလာသည့်အခါတွင်မူ နေ့စဉ်စားသုံးကြသည့် ဟင်းလျာထဲအနက် မပါမဖြစ်ပါဝင်လာသော အစားအစာသီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)