Main menu

စားအုန်းဆီများ တင်သွင်း၍ မြန်မာနိုင်ငံ ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီ အရည်အသွေး ဈေးနှုန်းကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်း အစည်းအဝေး ကျင်းပ

Powered by Drupal

      ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၂) ရက်နေ့ မွန်းလွှဲပိုင်းတွင် ပြည်ပမှ စားအုန်းဆီများ တင်သွင်း၍ မြန်မာနိုင်ငံအတွင်းရှိ ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီများ၏ အရည်အသွေး ဈေးနှုန်းကိစ္စရပ်များနှင့် ပတ်သက်သော ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

          အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြည်တွင်း၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး၊ ပြည်တွင်း၌ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်ဝေစုပိုမိုရရှိလာစေရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆီထွက်သီးနှံကဏ္ဍမှ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍ (Supply Chain) တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ပြည်ပမှ စားသုံးဆီ တင်သွင်းမှုကို မူဝါဒအရ လျှော့ချပြီး အကန့်အသတ်ဖြင့်  တင်သွင်းခြင်း အစီအစဉ်ကို  ယခု Mini Budget  မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင် ရွက် ရာတွင်  စားသုံးဆီ ကမ္ဘာ့ဈေးနှုန်းမြင့်တက်မှု၊ ပြည်တွင်းဈေးကွက် အခြေအနေ၊ ပြည်တွင်း၌စားသုံးဆီများ စုပုံမှု မရှိစေရေးနှင့် ပြတ်လပ်မှု မရှိစေရေးတို့ကို အခြေခံ၍ တွက်ချက်ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

          စားသုံးဆီတင်သွင်းသူများသည်လည်း နစ်နာမှု မရှိစေရေး၊ စားသုံးသူများအတွက်လည်း ထိခိုက်မှု မရှိစေရေးတို့အတွက် ဗဟိုဘဏ်မှ  ရောင်းချပေးသော ဒေါ်လာဈေးနှုန်းဖြင့် သက်သာသော ဈေးနှုန်းတွက်ချက်၍ စီစဉ်ဆောင်ရွက်ပေးခဲ့သည်မှာ ငါးလရှိပြီဖြစ်ပါကြောင်း၊ တင်သွင်းဖြန့်ဖြူးသူများအနေဖြင့် အရောင်းအဝယ် သဘောအရ အမြတ်ရရှိရေးကိုသာ အဓိက မဟုတ်ဘဲ စားသုံးသူပြည်သူများ အနေဖြင့်  အဆင်ပြေမှုရရှိစေရန်အတွက် ဦးစားပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုကာလတွင် ကမ္ဘာ့စားသုံးဆီ ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လျက်ရှိသည့်အတွက် ပြည်တွင်းဈေးကွက် ကိုရိုက်ခတ်မှုများရှိကြောင်း၊ ကမ္ဘာ့ဈေးနှုန်း အနေဖြင့် ယခုနှစ် ဇန်နဝါရီလ အတွင်း စားသုံးဆီ တစ်တန်လျှင် ပျှမ်းမျှ ၁၄၀၇ ဒေါ်လာရှိပြီး ဖေဖော်ဝါရီလ ပထမပတ်အတွင်း ပျမ်းမျှအားဖြင့် ဒေါ်လာ ၁၅၅၀ ခန့်မှ ယခုအပတ်အတွင်း ပျမ်းမျှ အားဖြင့် ဒေါ်လာ ၁၆၄၀ ခန့်ထိ တဖြည်းဖြည်း မြင့်တက်လာခဲ့ကြောင်း၊ စားသုံးဆီတင်သွင်းမှု အနေဖြင့် ကာလတူနှိင်းယှဉ်ချက်အရ ယခင်နှစ်တွင်  ၃ ဒဿမ ၁ သိန်းကျော်ခန့် တင်သွင်းခဲ့ပြီး ၂ ဒဿမ ၃ သိန်းကျော်ခန့် သာတင်သွင်းခဲ့သည့် အတွက် ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း အထိလျှော့ချထိန်းညှိဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်းစားသုံးဆီ ဈေးနှုန်း တည်ငြိမ်စေရေး နှင့် သင့်တင့်မျှတသည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် စဉ်ဆက်မပြတ်စောင့်ကြည့်ထိန်းကျောင်း ကြပ်မတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးက ပြည်တွင်း၌ စားသုံးဆီလက်ကျန် ကျန်ရှိမှု၊ ပြည်ပမှ စားအုန်းဆီသင်္ဘောများ ထပ်မံရောက်ရှိမည့် အခြေအနေနှင့် ပြည်တွင်းစားသုံးမှု ဖူလုံစေရန် စီမံဆောင်ရွက်သွားမည့် အခြေအနေ များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် စားသုံးဆီ တင်သွင်းသို လှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်  စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများက မတ်လအတွင်း စားသုံးဆီ တင်သွင်းရောက်ရှိမည့် အခြေအနေများနှင့် ဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်သွားမည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။

          အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး၊ အမြဲတမ်း အတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊  မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဌ၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် စားသုံးဆီ တင်သွင်းသည့်ကုမ္ပဏီများမှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)