Main menu

မုဒုံမြို့နယ်၌ မိုးစပါးစိုက်ဧက ခုနှစ်သောင်းကျော် စိုက်ပျိုးသွားမည်

Powered by Drupal

    မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့တွင် စပါးအထွက်နှုန်းတိုးတက်မြင့်မားစေရေးအတွက် ဆည်ရေသောက်နှင့် ချောင်းပိတ်မြောင်းပိတ်စနစ်ဖြင့် ၂၀၂၄ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက ၇၅၁၉၆ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

     ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးနှင့် စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူများအား နှစ်စဥ်မျိုးသန့်မျိုးစေ့ပံ့ပိုးခြင်း၊ မျိုးစေ့ချကိရိယာ၊ ကောက်စိုက်စက်၊ SRI စနစ်များဖြင့် စနစ်တကျစိုက်ပျိုးခြင်းနှင့် စံပြကွက်များကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြေဆီလွှာတွင် အာဟာရဓာတ်ပါဝင်မှု စစ်ဆေးပြီး ဓာတ်မြေသြဇာနှုန်းထား ထောက်ခံချက်ပေးခြင်း၊ ဘက်စုံပိုးမွှားရောဂါကာကွယ်ခြင်း နည်းစနစ်များ လက်တွေ့ပြသခြင်းနှင့် ကင်းထောက်စစ်ဆေးခြင်း၊ သွင်းအားစု ဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာဖြင့်ရောင်းချဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးနည်းပညာ အသိပညာပေးခြင်းလုပ်ငန်းများကို တောင်သူများနှင့်တွေ့ဆုံ၍ ကွင်းတာဝန်ခံများက ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မေလကုန်မှစတင်၍ မိုးစပါးများ ပျိုးထောင်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ပြောသည်။

     မုဒုံမြို့နယ်တွင် ယခင်နှစ် မိုးစပါးရာသီတွင် စိုက်ဧက ၇၅၁၉၆ ဧက စိုက်ပျိုးနိုင်ခဲ့ရာ တစ်ဧကလျှင် အထွက်နှုန်း ၆၆ ဒသမ ၈၂ တင်းထွက်ရှိခဲ့ကြောင်း သိရသည်။

DOCA(မွန်)