စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၂ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် သဖန်းဆိပ်ဆည်နှင့် အခြားဆည်များမှ ရေလုံလောက်စွာရှိသဖြင့် (၂၅၁၃၁၀)ဧကစိုက်ပျိုးရန် လျာထားကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရပါသည်။ နွေစပါးကို ယခင်နှစ်က စိုက်ပျိုးခဲ့သော ရွှေဝါထွန်း၊ IR 747၊ ဘီဂျီစသည့် စပါးမျိုးများအပြင် မြန်မာနိုင်ငံတွင် ကန်ထရိုက်လယ်ယာစနစ် ပီပြင်စွာဆောင်ရွက်လာစေရန်ရည်ရွယ်၍ CHAN MYAE ZAYAR COMPANY LIMITED ၏ ချိတ်ဆက်ပေးမှုဖြင့် စိုက်ပျိုးသည့် တောင်သူဦးကြီးများနှင့် ကြိတ်ခွဲထုတ်လုပ်သည့် ဆန်စက်လုပ်ငန်းရှင်များ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေး နှစ်ဦးသဘောတူ ကတိစာချုပ်ချုပ်ဆို၍ စိုက်ပျိုးမည့် အစီအစဉ်ရှိကြောင်း သိရှိရပါသည်။
ကန်ထရိုက်လယ်ယာစနစ်ဖြင့် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်နှစ်ဦး၊ ရွှေဘိုမြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်နှစ်ဦး၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့မှ ဆန်စက်လုပ်ငန်းရှင်တစ်ဦးတို့က တောင်သူဦးကြီးများနှင့် ချိတ်ဆက်၍ ချမ်းမြေ့မေစပါးအမျိုးအစား (၁၅၈၁)ဧက၊ Jasmine-5စပါးအမျိုးအစား (၁၀၆)ဧကနှင့် RD-43စပါးအမျိုးအစား(၁၄၄)ဧက စုစုပေါင်း(၁၈၃၁)ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)