Main menu

တောင်ငူမြို့ ဆီထွက်သီးနှံဇုန်ဧရိယာတွင် နှမ်းခင်းများဖြစ်ထွန်း

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်သည် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) ဇုန်ဧရိယာများတွင် ကျေးရွာအုပ်စုအလိုက် ဆောင်ရွက်နေပါသည်။ မိုးမြေပဲစိုက်ပျိုးရန် ကျေးရွာအုပ်စုပေါင်း ၂၀မှ တောင်သူလယ်သမား ၆၀၁ဦးက စိုက်ဧက ၂၁၂၉ဧက၊ မိုးနှမ်းစိုက်ပျိုးရန် ကျေးရွာအုပ်စုပေါင်း ၂၃အုပ်စုမှ တောင်သူလယ်သမား ၅၈၂ဦးက စိုက်ဧက ၂၇၉၈ဧက လျာထားပါသည်။

        နှမ်းစိုက်တောင်သူများနှင့် မြေပဲစိုက်တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေ ၂၅၀၀၀၀၀ကျပ်ထုတ်ချေးနိုင်ရန် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ သီးနှံဇုန်ဧရိယာများတွင် စိုက်ပျိုးရေးဦးစီးဌာနက ဇုန်တာဝန်ခံများထားရှိဆောင်ရွက်ပေးပါသည်။ ဇုန်တာဝန်ခံသည် နှမ်းစိုက်၊ မြေပဲစိုက်ပျိုးသည့် တောင်သူများရှိသည့် ကျေးရွာများသို့သွားရောက်၍ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိအောင် သင်တန်းများပို့ချပေးနေပါသည်။

          သင်တန်းများတွင် ရိုးရိုးစိုက် စိမ့်မြောင်းပတ်မြောင်းစနစ်၊ ပေါင်ကြီးတင်စနစ်များကိုပို့ချပေးပါသည်။ နှမ်းဖိုရောဂါမကျရောက်စေရေး၊ ရိုးမဲရောဂါမကျရောက်စေရေး၊ ပေါင်းမြက်ကင်းရှင်းရေးသင်ခန်းစာများလည်းပါဝင်သည်ဟုသိရပါသည်။

         ပြည်တွင်းစားသုံးဆီဖူလုံရန်၊ ပြည်ပမှစားသုံးဆီများတင်သွင်းမှုလျှော့ချနိုင်ရန်အတွက် ဆီထွက်သီးနှံများ လျာထားချက်ထက်ကျော်လွန်အောင် စိုက်ပျိုးမည်ဟုသိရပါသည်။ မျိုးကောင်း မျိုးသန့်များအသုံးပြု၍ အထွက်နှုန်းကောင်းရရှိအောင် စိုက်ပျိုးမည်ဟုသိရပါသည်။ ပေါင်ကြီးစနစ်စိုက်ပျိုးနိုင်ရန် လိုအပ်သော စိုက်ပျိုးရေးပစ္စည်းများရရှိအောင် ဆောင်ရွက်ပေးနေပါသည်။

          တောင်ငူမြို့နယ်ရှိ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းစိုက်ပျိုးသည့် တောင်သူများသည် ပန်းတိုင်အထွက်နှုန်းမထွက်ရှိသေးသော်လည်း ယခုနှစ်တွင် မြေပဲတစ်ဧက တင်း(၇၀)၊ နှမ်းတစ်ဧက တင်း(၂၀) ထွက်ရှိအောင်ဆောင်ရွက်မည်ဟု တောင်ငူခရိုင်ဆီထွက်သီးနှံတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မင်းလှိုင်၏ ပြောကြားချက်အရသိရပါသည်။

        တောင်ငူမြို့နယ်တွင် ပေါင်ကြီးစနစ်ဖြင့် စိုက်ပျိုးထားသော တောင်သူလယ်သမားကြီး ဦးသန်းမြင့်၏ နှမ်းစိုက်ခင်းမှ ၂၈ရက်သားသာရှိသေးသည့် နှမ်းပင်ပေါက်များသည် အထူးကောင်းမွန်နေကြောင်းတွေ့ရှိရပါသည်။

DOCA(ပဲခူး)