Main menu

ပြည်ခရိုင်တွင် မိုးနှမ်းများစတင်စိုက်ပျိုး

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် မိုးနှမ်းကို မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးပြီး ဆောင်းနှမ်းကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် စိုက်ပျိုးကြကာ နွေနှမ်းကိုမူ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် စိုက်ပျိုးကြပါသည်။ ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများရှိ မိုးနှမ်းစိုက်ပျိုးသော တောင်သူများအနေဖြင့်  ယခုအချိန်ဖြစ်သော ဇွန်လတွင် မိုးနှမ်းများစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ဖြစ်သော ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးနှမ်းစိုက်ပျိုးဧကမှာ ၆၆၃၇၁ဧကစိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၄)တင်းကျော်ထွက်ရှိသည်ဟု စာရင်းအရသိရှိရ ပါသည်။ ယခုနှစ်တွင် မိုးနှမ်းများစိုက်ပျိုးရာတွင် နှမ်းနက်ကိုဦးစားပေး၍ စိုက်ပျိုးကြပြီး နှမ်းနီမှာ အထွက်နှုန်းနည်းပြီး ဈေးမှာ နှမ်းနက်ကဲ့သို့ မကောင်းသဖြင့် စိုက်ပျိုးမှုနည်းကြောင်း သိရပါသည်။ နှမ်းတစ်ဧကစိုက်ပျိုးရာတွင် မျိုးနှမ်းအနေဖြင့် (၂)ပြည်ခန့်လိုအပ်ပြီး စိုက်ပျိုးခကုန်ကျစရိတ်အနေဖြင့် ၁၅၀၀၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ နောက်ပိုင်းတွင် အထွေထွေ ကုန်ကျစရိတ်များလည်း များလာဖြစ်ကြောင်းသိရပါသည်။ ထိုသို့ ကုန်ကျစရိတ်များလာမည်ဆိုသော်လည်း ရိတ်သိမ်းခါနီးတွင် ရာသီဥတုကောင်းမွန်ပြီး ရောဂါကျရောက်မှုမရှိဘဲ ဈေးနှုန်း ကောင်းမွန်မည်ဆိုပါက နှမ်းစိုက်တောင်သူများအဖို့ အမြတ်အစွန်းများစွာရရှိလာနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းသိရှိရပါသည်။ နှမ်းဈေးနှုန်းများအနေဖြင့် ယခုဇွန်လဆန်းတွင်  နှမ်းနီတစ်တင်းလျှင် ၁၀၈၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၁၄၅၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၁၅၀၀၀၀ကျပ်ဖြင့် ပြည်ဈေးကွက်တွင် ပစ္စည်းလက်ကျန်နည်း၍ အရောင်းအဝယ်ပါးနေပါသည်။ နှမ်းဆီဈေးမှာ (ဦးဆီ) တစ်ပိဿာလျှင် ၁၅၅၀၀ကျပ်၊ ရိုးရိုးနှမ်းဆီတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)