Main menu

မုဒုံမြို့နယ်ရှိ ကျေးရွာခြောက်ရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ငွေကျပ်၃၁၁ဒသမ ၉၆သန်းထုတ်ချေး

Powered by Drupal

     မွန်ပြည်နယ် မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ၁၁-၆-၂၀၂၄ ရက်နေ့တွင် ကျေးရွာခြောက်ရွာ၌ ထုတ်ချေးပေးခဲ့သည်။

    ထိုသို့ထုတ်ချေးပေးရာတွင် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်၊ မိသားစုဝင်ငွေတိုးပွားစေမည့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များအနေဖြင့် မိမိရပ်ရွာရှိ ဒေသခံပြည်သူများ တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများဖော်ဆောင်ရာတွင် ရန်ပုံငွေများလေလွင့်ဆုံးရှုံးမှုမဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းရန်ပုံငွေစာရင်းများကို စနစ်တကျမှတ်တမ်းပြုစုထိန်းသိမ်းဆောင်ရွက်စေလိုကြောင်းပြောကြားခဲ့သည်။

   ၎င်းနောက် ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာကော်မတီအဖွဲ့ဝင်များက ဝဲကလိ၊ အဘစ်၊ ထုံမံ၊ ဒိုးမား၊ ဖယ်ဒို၊ ကမာအုပ်ကျေးရွာများရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများလုပ်ကိုင်သူ အသင်းဝင် ၆၃၃ဦးအား စုစုပေါင်းချေးငွေ ကျပ် (၃၁၁ဒသမ ၉၆) သန်းအား လက်ဝယ်အရောက် စနစ်တကျထုတ်ချေးပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)