မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများစွာ ရှိကြသည်။ ထိုတိုင်းရင်းသားလူမျိုးများတွင် မိဘဘိုးဘွားများလက်ထက်ကတည်းက လက်ဆင့်ကမ်းသယ်ဆောင်လာသော ရိုးရာလက်မှုပညာများစွာရှိခဲ့ကြသည်။ ထိုသို့လက်ဆင့်ကမ်းသယ်ဆောင်လာသော ရိုးရာလက်မှု ပညာများထဲတွင် သင်ဖြူးဖျာယက်လုပ်သော ပညာသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
ရှေ့ဘိုးဘွားများလက်ထက်ကတည်းက မိမိအိမ်သို့ဧည့်ကောင်းဆောင်ကောင်းများ လာရောက်သည့်အခါ သင်ဖြူးဖျာကိုခင်း၍ ရေပူ၊ ရေအေးနှင့် ဧည်ခံစကားပြောကြသည်။ သင်ဖြူးဖျာသည် အပူအအေးမျှတ၍ ကျန်းမာရေးနှင့်ညီညွှတ်သောကြောင့် ခင်းထိုင်၊ ခင်းအိပ်ရာ၌ အလွန်အသုံး ဝင်လှသည်။ ပူအိုက်သော မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်သာမက အေးမြသော ရှမ်းပြည်နယ်တွင်လည်း သင်ဖြူးဖျာကို မက်မက်မောမော အသုံးပြုခဲ့ကြသည်။ ထိုကြောင့် ရှေ့ယခင်က သင်ဖြူးဖျာကို အိမ်တိုင်းလိုလိုပင် မရှိမဖြစ်ပစ္စည်းတစ်ခုအဖြစ် ဆောင်ထားကြသည်။
မြန်မာနိုင်ငံတွင် သင်ဖြူးဖျာယက်လုပ်သော လုပ်ငန်းများစွာရှိသည့်အနက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မယ်နင်ကျေးရွာ၊ မယ်ဆတ်ကျေးရွာနှင့် မိုင်းယောင်းမြို့၊ အမှတ်(၂) ရပ်ကွက်၊ လွယ်ရွာတို့တွင်ယက်လုပ်သော သင်ဖြူးဖျာများသည် ဘိုးဘွားများလက်ထက်မှ လက်ဆင့်ကမ်းသယ်ဆောင်လာသော ရှမ်းရိုးရာလက်မှုပညာတစ်ခုဖြစ်ပါသည်။ သင်ဖြူးဖျာယက်လုပ်ရန် အဓိကလိုအပ်သောကုန်ကြမ်းပစ္စည်းမှာ တောင်စင်ဖက်(ရှမ်းဘာသာဖြစ်-ကန်သောင်ကျင်ဟုခေါ် သည်) ပင်စည်းအရိုးဖြစ်သည်။ ၎င်းအပင်ကို သစ်တောများအတွင်းရှိ လျှိုမြောင်စိမ့်စမ်းများတွင် ရာသီမရွေး ရှာဖွေခုတ်ယူနိုင်သည်။ တောင်စင်ဖက်ကို ဟိုယခင်ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ် အိတ်များ မသုံးစွဲမီအချိန်က ကောက်ညှင်းပေါင်းထုတ်များ၊ ဟင်းထုတ်များထုတ်ရာတွင်ဖြစ်စေ၊ ပစ္စည်းများထုတ်ပိုးရာတွင်ဖြစ်စေ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါသည်။
သင်ဖြူးဖျာယက်လုပ်ရန် သစ်တောများမှခုတ်ယူလာသော လုံးပတ်လက်မဝက်၊ အရှည်၅ပေ ခန့်ရှိသည့် တောင်စင်ဖက်အပင်ကို နှစ်ခြမ်းခွဲ၍ ခြောက်အောင်နေလှန်းရသည်။ နေလှန်းထားသော ခွဲခြမ်းများကို ရေတွင် ခုနှစ်ရက်ခန့်စိမ်ပြီး(အချို့သူများက၄၅မိနစ်ခန့်ပြုတ်ပြီး) အကြောများခွာကာ အခွေလေးများပြုလုပ်၍ တစ်ရက်ခန့် နေပြန်လှန်းရပါသည်။ မစိုမခြောက်အနေတော် နေလှန်းထားသော တောင်စင်ဖက်ပင်အကြောများသည် သင်ဖြူးဖျာယက်လုပ်ရန်အတွက် အသင့်အနေအထားသို့ ရရှိပါသည်။ သင်ဖြူးဖျာများကို မိသားစုစီးပွားရေးလုပ်ငန်းအဖြစ် ယက်လုပ်သူများရှိသကဲ့သို့ လယ်ယာလုပ်ငန်းခွင် ပြီးဆုံးချိန်များတွင် မိသားစုအပိုဝင်ငွေရရှိရန် ယက်လုပ်သူများလည်းရှိကြပါသည်။
သင်ဖြူးဖျာများကို အကြမ်း၊ အချောဟူ၍နှစ်မျိုး ယက်လုပ်ကြသည်။ အချောကို ၆ပေ×၃ပေ (အကြီး)၊ ၅ပေ×၂.၅ပေ(အလတ်)နှင့် ၄ပေ×၂ပေ(အသေး)ဟူ၍ သုံးမျိုးယက်လုပ်ကြသည်။ အများအားဖြင့် အကြမ်း၅ပေ×၂.၅ပေ(အလတ်)ဆိုဒ်ကိုသာအများဆုံး ယက်လုပ်ကြသကဲ့သို့ မှာယူသူ၏ စိတ်ကြိုက် ယက်လုပ်ပေးရသည်လည်းရှိသည်။ ကျွမ်းကျင်သော သင်ဖြူးဖျာယက်လုပ်သူတစ်ဦးသည် တစ်ရက်လျှင်သင်ဖြူးဖျာအချော ၆ပေ×၃ပေ(အကြီး)ဆိုဒ်တစ်ချပ်(သို့မဟုတ်) အကြမ်း ၅×၂.၅ (အလတ်)ဆိုဒ်နှစ်ချပ်သာ ယက်လုပ်နိုင်သည်။ သင်ဖြူဖျာအချောအကြီးတစ်ချပ် (၁၅၀၀၀)ကျပ်၊ အလတ်တစ်ချပ် (၁၀၀၀၀)ကျပ်နှင့် အသေးတစ်ချပ်(၈၀၀၀)ကျပ်ဖြင့် ရောင်းချရသည်။ သင်ဖြူးဖျာ အကြမ်းတစ်ချပ်လျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချရသည်။ ယက်လုပ်ရရှိသော သင်ဖြူးဖျာအချောများကို ရှမ်းပြည်နယ်အတွင်းရှိ အခြားဒေသများနှင့် ထိုင်းနိုင်ငံသို့လည်ကောင်း သင်ဖြူးဖျာအကြမ်းများကို ထိုင်းနိုင်ငံသို့လည်ကောင်း တစ်ပိုင်တနိုင်အနေနှင့် ပို့ဆောင်ရောင်းချကြသည်။
ရှမ်းရိုးရာယက်လုပ်သောသင်ဖြူးဖျာများကို နှစ်ဖက်လှ၊ နှစ်ထပ်ပုံစံ ယက်လုပ်ထားပါသည်။ ခိုင်ခန့်လှပပြီးအေးမြသော ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသထွက် သင်ဖြူးဖျာများသည် အခြားဒေသမှထွက်ရှိသော သင်ဖြူးဖျာများနှင့်ပုံစံမတူဘဲ တစ်မူထူခြားလှပါသည်။ ဟိုယခင်အချိန်ဘိုးဘွားမိဘများလက်ထက်ကသင်ဖြူးဖျာများကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြသော်လည်း ယနေ့အချိန်တွင် ဈေးနှုန်းသက်သာသော ပလတ်စတစ်ဖျာများကို အလွယ်တကူဝယ်ယူ အသုံးပြုလာကြပါသည်။
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများဖြစ်သော မိုင်းဆတ်မြို့နှင့်မိုင်းယောင်းမြို့တို့ရှိကျေးရွာများတွင် ရိုးရာသင်ဖြူးဖျာယက်လုပ်ခြင်းကြောင့် မိသားစုစားဝတ်နေရေး ပြေလည်ပြီး ဝင်ငွေရရှိနေသော်လည်း သင်ဖြူးဖျာယက်လုပ်သူများ နည်းပါးလာခြင်းနှင့် သင်ဖြူးဖျာအသုံးပြုမှု များနည်းပါးလာခြင်းတို့ကြောင့် ရှမ်းရိုးရာလက်မှုပညာဖြင့် ယက်လုပ်သော သင်ဖြူးဖျာလုပ်ငန်းများ တိမ်ကောသွားမည်ကို စိုးရိမ်ရပါသည်။ ထို့ကြောင့် ဈေးနှုန်းသက်သာသော ပလပ်စတစ်ဖျာများအစား ကျန်းမာရေးနှင့်ညီညွှတ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော ပြည်တွင်းဖြစ် သင်ဖြူးဖျာများကိုသာ ဝယ်ယူသုံးစွဲသင့်ပါကြောင်းနှင့် ရှမ်းရိုးရာလက်မှုပညာသင်ဖြူးဖျာယက်လုပ်သူများသည် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေနေပါကြောင်း ရေးသားလိုက်ရပါသည်။
DOCA(ရှမ်း)