Main menu

ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးမှ ဘုရင့်နောင်ကားဝန်းရှိ ကုန်စည်ပို့ဆောင်ရေးကားဂိတ်မှတစ်ဆင့် ဆိုလာပြား(၂၂)ချပ်အား ကျောက်ပန်းတောင်းမြို့သို့ တင်ပို့ရာတွင် ဆိုလာပြား (၇)ချပ်မှာ သုံးစွဲ၍ မရ နိုင်သည်အထိ ပျက်စီးသွားသဖြင့် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း တာဝန်ယူဖြေရှင်းပေးမှု မရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင် လာရောက် တိုင်ကြားလာပါသည်။

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူက ၁၁-၆-၂၀၂၄ ရက်နေ့တွင် တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် ကုန်စည်ပို့ဆောင်ရေးကားဂိတ်မှ တာဝန်ရှိသူတို့အား ခရိုင်ဦးစီးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ရာ ဂိတ်မှူးက မိမိတို့ ဂိတ်သို့ ဆိုလာပြားများ လာရောက်အပ်နှံရာတွင် ဆိုလာတစ်ချပ်လျှင် တန်ဆာခငွေကျပ် ၇,၅၀၀/-ဖြင့် မိမိ ကိုယ်တိုင် စစ်ဆေးပြီးယူခဲ့ကြောင်း၊ အပျက်အစီးမရှိပါကြောင်း၊ ကားပေါ်တင်ချိန်တွင် မိမိဂိတ်မှ အလုပ်သမားပေါ့ဆမှုကြောင့် (၁)ချပ်ကွဲသွားပါကြောင်း၊ ၁၂-၄-၂၀၂၄ရက်နေ့တွင် ကျောက်ပန်းတောင်း ဂိတ်သို့ ရောက်ချိန်တွင် (၁)ချပ်ထပ်မံ၍ကွဲသွားပါကြောင်း၊ နောက်(၅)ရက်အကြာတွင် ထပ်မံ၍ ဆိုလာပြား (၅)ချပ်ကွဲကြောင်းပြောကြားသဖြင့် ကားပေါ်မှချစဉ်တွင် မိမိတို့အနေဖြင့် စစ်ဆေးယူထားသောကြောင့် ပေါက်ဈေးအတိုင်း အလျော်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားရာ တိုင်ကြားသူမှ ဆိုလာပြားတစ်ချပ်၏ ပေါက်ဈေးမှာ ငွေကျပ် ၄၅၀,၀၀၀/-ရှိကြောင်း၊ (၂)ချပ်အတွက် လျော်ပေးမည် ဆိုပါကလည်း လက်ခံကြောင်း ပြောကြားခဲ့ပါသည်။ ၁၉-၆-၂၀၂၄ ရက်နေ့တွင် တိုင်ကြားခံရသည့် ကုန်စည်ပို့ဆောင်ရေးကားဂိတ်မှ တာဝန်ရှိသူက တိုင်ကြားသူ၏ Kpay account ထံသို့ ငွေကျပ် ၉၀၀,၀၀၀/-ကို လွှဲပြောင်းပေးခဲ့ရာ တိုင်ကြားသူက လက်ခံရရှိကြောင်းနှင့် ကျေနပ်မှုရှိကြောင်း ဌာနသို့  အကြောင်းကြားလာသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။