မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့အတွင်းရှိ ကမ္မကျေးရွာ၊ သပွတ်စုကျေးရွာ၊ လက္ခုပ္ပင်ကျေးရွာနှင့် သားလူးကန်ကျေးရွာတို့တွင် သင်္ဘောပင်မှထွက်ရှိသည့် သင်္ဘောသီးအစိမ်းများအား ရေနံချောင်းမြို့ပေါ်ရှိ အသုပ်ဆိုင်များနှင့် အသုပ်စုံရောင်းချသူများမှ ဝယ်ယူမှုများလျက်ရှိကြောင်း သိရှိရပါသည်။
သင်္ဘောပင်သည် အပင်ဖြစ်ပြီး ငါးလခန့်ကြာသောအခါတွင် အပွင့်များ စတင်ပွင့်လေ့ရှိပြီး ခြောက်လကြာသောအခါ အသီးများစတင်သီးလေ့ရှိကြသည်။ အပင်အသက်(၃)နှစ်သားအရွယ်အထိ အသီးအထွက်နှုန်း လှိုင်လှိုင်ထွက်လေ့ရှိကြပါသည်။ အပင်မျိုးကိုလိုက်၍ (၁)ပင်လျှင် အလုံး ရေ(၅၀)မှ(၁၀၀)အထိ အသီးများသီးလေ့ရှိကြပါသည်။
သင်္ဘောသီးအစိမ်းကို ချက်စား၍သော်လည်းကောင်း၊ သင်္ဘောသီးသုပ်၊ ယိုးဒယားသင်္ဘောသီးထောင်း၊ ယိုးဒယားသင်္ဘောသီးအပြားသုပ်နှင့် အသုပ်စုံများထဲတွင်လည်း အနည်းငယ်ထည့်၍ စားသုံးလေ့ရှိကြပါသည်။ သင်္ဘောသီးမှည့်များကို ရာသီမရွေးတွေ့ရသော်လည်း အသီးအထွက်နှုန်းအများဆုံးအချိန်မှာ နိုင်ဝင်ဘာလနှင့် ဒီဇင်ဘာလ၊ မတ်လနှင့် ဧပြီလတို့တွင် အများဆုံးတွေ့ရပါသည်။ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် သင်္ဘောသီးအစိမ်းတစ်လုံးလျှင် အလုံးအသေး၊ အကြီးပေါ်မူတည်ပြီး ကျပ်(၇၀၀-၉၀၀-၁၂၀၀)၊ သင်္ဘောသီးအမှည့်တစ်လုံးလျှင် ကျပ် (၁၀၀၀ - ၁၃၀၀ - ၁၈၀၀)ဖြင့် စျေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)