Main menu

ပြည်မြို့၏ ငါးဖယ်အောင်း ခေါ် ငါးဖမ်းမငါးပိကောင်ဈေးကွက်

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ငါးဖမ်းမငါးပိကောင်များကို အများအားဖြင့် တစ်နိုင်တစ်ပိုင် ကိုယ်တိုင်ပြုလုပ်၍ ရောင်းချ‌ကြကြောင်းသိရပါသည်။ ငါးဖမ်းမငါးပိကောင်ကို ကြော်၍လည်းကောင်း၊ ကင်၍လည်းကောင်း၊ ချက်၍လည်းကောင်း စားသုံးကြပါသည်။ ထို့ပြင် ကောက်ညှင်းပေါင်းနှင့် ငါးကြော်ကိုတွဲဖက်၍စားရာ၌ဖြစ်စေ အရသာမှာ ကောင်းမွန်ထူးခြားပါပေသည်။     ငါးဖမ်းမ ခေါ် ငါးဖယ်အောင်းငါးမှာ ဈေးကွက်တွင် နေရာရနေသော ငါးတစ်မျိူးဖြစ်ပြီး လူကြိုက်လည်းများလှပါသည်။ ငါးဖယ်အောင်း ခေါ် ငါးဖမ်းမငါးများသည် ငါးသိုင်းမျိုးတွင်ပါဝင်ပြီး ငါးအလတ်စားမျိုးဖြစ်သည်။ ကိုယ်ထည်မှာ ခပ်ပြားပြားရှိပြီး ဦးခေါင်းမှလွဲ၍ တစ်ကိုယ်လုံးတွင် အဖြူရောင်အကြေးများဖုံးလျက်ရှိသည်။ ကျောရိုးဆူးတောင်မှာ (၁) ခုတည်းသာရှိသည်။ နှာတံတွင် အပေါက်ကလေးများရှိသည်။ ကျောခုံး၍ အမြီးခွရှည်သော ငွေရောင်ငါးတစ်မျိုးဖြစ်သည်။ ထိုငါးမျိုးကို ငါးပိကောင်ပြုလုပ်လေ့ရှိသည်။     မြန်မာနိုင်ငံတွင် ငါးဖမ်းမ ‌ခေါ် ငါးဖယ်အောင်းမျိုးစိတ်(၃)မျိုးရှိသည်ဟုသိရသည်။     ငါးဖမ်းမ ခေါ်  ငါးဖယ်အောင်းငါးမှာ လူကြိုက်များလှသည်။ အများအားဖြင့် ထိုငါးကို ငါးပိကောင်ပြုလုပ်ကြပြီး ' ငါးဖမ်းမ ခေါ် ငါးဖယ်အောင်း ငါးပိကောင်' မှာ နာမည်ကြီးလှပါသည်။ 'ငါးဖမ်းမ ခေါ် ငါးဖယ်အောင်းငါးပိကောင်ပြုလုပ်နည်းမှာ ပထမဦးစွာ ငါးဖမ်းမ၏ ဗိုက်ထဲမှကလီစာများကို အကုန်ထုတ်ကာ ဆေးကြောသန့်စင်ပြီးပါက ခွဲထားသောငါးဗိုက်ထဲသို့ ဆားအပြည့်သိပ်ရပါမည်။ ပြီးလျှင် အိုးတစ်လုံးထဲသို့ ဆားသိပ်ထားသောငါးများကိုဖိသိပ်ပြီး တစ်ညအိပ်ထားပါ။ ဇူလိုင်လတွင် ငါးဖမ်းမငါးပိကောင်ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်သော်လည်း ယခုဩဂုတ်လ ဒုတိယပတ်မှစတင်ကာ ငါးဖမ်းမငါးပိကောင်ဈေးမှာ အကောင်လိုက်၍ ဈေးနှုန်းကွာခြားမှုများရှိလာပါသည်။ ငါးဖမ်းမငါးပိကောင်အကြီးတစ်ပိဿာလျှင် ကျပ် (၂၀၀၀၀)၊ အလတ်တစ်ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ အသေးတစ်ပိဿာလျှင် ကျပ် (၁၄၀၀၀) အထိဈေးရှိပြီး ဇူလိုင်လတွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ဈေးသည်အရောင်းအဝယ်ပါးပြီး ယခုဩဂုတ်လ ပထမပတ်မှစတင်ကာ မိုးရက်ခြားရွာသွန်းမှုကြောင့် ဈေးသည်များ ပြန်လည်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။ ဒေသလုပ် ငါးဖယ်အောင်း ခေါ် ငါးဖမ်းမငါးပိကောင်ကို ဈေးကွက်အရ ဒေသတွင်းရောင်းချရန် အဓိကထားပြီး အခြားမြို့နယ်များသို့လည်း အနည်းငယ်တင်ပို့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)