Main menu

ပခုက္ကူဈေးကွက်၌ ပဲယင်း(နီ)နှင့်ပဲယင်း(ဝါ)သီးနှံများ အရောင်းအဝယ်သွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ပဲယင်းသီးနှံကို ဆောင်းတစ်ရာသီသာ စိုက်ပျိုးကြပြီး ပခုက္ကူကျွန်းကျေးရွာ၊ မြစ်ခြေ၊ ကမ္မမြို့နယ်များနှင့် ဆိပ်ဖြူ၊ မြိုင်၊ ပေါက်၊ ရေစကြိုနှင့် ဂန့်ဂေါ ခရိုင်အတွင်းရှိ မြို့နယ်များ၌လည်း စိုက်ပျိုးကြသည်။ ပဲယင်း(နီ)၊ ပဲယင်း(ဝါ)နှစ်မျိုး စိုက်ပျိုးပြီး အောက်တိုဘာလကုန် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် သီးနှံရိတ်သိမ်းကြသည်။ ပဲယင်းသီးနှံမှာ စိုက်ပျိုးရလွယ်ကူပြီး အလုပ်သမားငှားရမ်းမှု နည်းပါးခြင်းကြောင့် တစ်ဧကလျှင် ကုန်ကျစရိတ် ကျပ်(၃၅၀၀၀၀)ခန့်သာ ကုန်ကျကြောင်း၊ မတ်လတွင် ဈေးကွက်သို့ သီးနှံများ စတင်အရောင်းအဝယ်ဖြစ်ပြီး အခြားတိုင်းဒေသကြီး မြို့နယ်များမှလည်း ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ သီးနှံပေါ်ချိန်တွင် ပဲယင်း(ဝါ) တစ်တင်းလျှင် ကျပ်(၅၀၀၀၀- ၅၂၀၀၀)၊ ပဲယင်း(နီ) တစ်တင်းလျှင် ကျပ်(၆၀၀၀၀-၆၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်နှစ် သီးနှံပေါ်ချိန်တွင် ပဲယင်းတစ်တင်းလျှင် ကျပ်(၇၀၀၀၀-၇၂၀၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

    ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် ပဲယင်းသီးနှံများ ဈေးတက်ပြီးအရောင်းအဝယ်ဖြစ်ကြောင်း၊ ပဲယင်း(နီ)တစ်တင်းလျှင် ကျပ်(၇၆၀၀၀)၊ ပဲယင်းဝါတစ်တင်းလျှင် ကျပ်(၆၀၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ ပွဲရုံဈေးကွက်တွင် ပိဿာ(၃၀)ဝင်အိတ်၊ အိတ်(၁၀၀-၃၀၀)ထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပဲယင်းသီးနှံများကို ပြည်တွင်းတိရစ္ဆာန်အစားအစာအဖြစ် မွေးမြူရေးလုပ်ငန်းရှင်များမှ ဝယ်ယူမှုများပြီး မန္တလေးဈေးကွက်သို့လည်း တင်ပို့ကြောင်း၊ ထိုမှတဆင့် ပြည်ပ တရုတ်နိုင်ငံသို့ ပို့ကုန်အဖြစ် တင်ပို့လျက်ရှိကြောင်း၊ ပြည်တွင်းသုံးစွဲမှု နည်းခဲ့သော်လည်း ယခင်က တိရစ္ဆာန်အစားအစာအဖြစ် မြေပဲဖတ်ကို သုံးစွဲခဲ့ပြီး ပဲဖတ်ဈေးနှုန်းမြင့်တက်ခြင်းကြောင့် ပဲဖတ် အစားထိုး ပဲယင်းသီးနှံများကို ဝယ်ယူသုံးစွဲမှုများကြောင်း၊ ပွဲရုံဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့ပေါ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)