Main menu

ရာသီစာမျှစ်

Powered by Drupal

        မျှစ်သည် မြန်မာလူမျိုးတို့နှစ်သက်သော အစားအသောက်အနက် တစ်ခုအပါအဝင်ဖြစ်ပေသည်။ မျှစ်ဆိုသည်မှာ ဝါးပင်၏ ပင်မအစပင်ဖြစ်ပေသည်။ ဝါးတစ်ချောင်းဖြစ်ရန်အတွက် မျှစ်ဟုခေါ်သော ဝါးအဆို့ပေါက်ကလေးကပင်စရသည်။ မျှစ်အမျိုးစားများစွာရှိပါသည်။ လူတို့အစားများသောမျှစ်သည် ဝါးဖြူမျှစ်၊ ဝါးယားမျှစ်နှင့် ကျသောင်းမျှစ်တို့ဖြစ်ပါသည်။

     ဝါးဖြူမျှစ်သည် သေးသွယ်အရွယ်အစားရှိပြီး  အဆစ်တိုကာ ငါးပိရည်နှင့်တို့စားလျှင်လည်း‌ကောင်း၊ ဆီချက်နိုင်နိုင် မြေပဲဆန်နှင့် သံပရာရည်ဖျန်း၍ သုပ်စားရာတွင်လည်းကောင်း၊ ကြက်ဥနှင့် ကြော်စားရာတွင်လည်း အလွန်ချိုသောမျှစ်မျိုးဖြစ်ပါသည်။ ဝါးယားမျှစ်သည်လည်း ဝါးဖြူမျှစ်ကဲ့သို့ ပြုတ်စား၊ ကြော်စားသော မျှစ်မျိုးဖြစ်သော်လည်း ဝါးဖြူမျှစ်၏အရသာကိုတော့မမီနိုင်ပေ။ ဝါးယားမျှစ်၏ ရွယ်အစားသည် မတိုမရှည် လုံးပတ်လည်းသေးပါသည်။ ကျ‌သောင်းမျှစ်အကြောင်းဆိုရလျှင် မျှစ်ချဉ်ကိုသာ ပြေးမြင်မိမည်မှာ အမှန်ဖြစ်ပါသည်။ အရွယ်အစားသည် လုံးပတ်လည်ကြီးပြီး အဆစ်ရှည်သော မျှစ်ဖြစ်ပါသည်။ မျှစ်ချဉ်ထည့်ရန် အကောင်းဆုံးသော မျှစ်အမျိုးအစားလည်းဖြစ်ပါသည်။

       မိုးရာသီကာလ မျှစ်စို့မျှစ်ပေါက်လေးများပေါများချိန်၊ မျှစ်ပေါ်ချိန်ဖြစ်၍ ပဲခူးရိုးမတောင်တန်းတွင် မျှစ်ခုတ်သူ(မျှစ်တိုးသူ)များဖြင့်  စည်ကားလျက်ရှိပါသည်။ ဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ ဒုတိယအပတ်တွင် ညောင်လေးပင်ဈေးကြီးအတွင်း ဝါးဖြူမျှစ်စိမ်း၁ပိဿာလျှင် (၂၅၀၀) ကျပ်၊  ဝါးဖြူမျှစ်ပြုတ်၁ပိဿာလျှင် (၃၀၀၀)ကျပ်၊ ဝါးယားမျှစ်စိမ်း၁ပိဿာလျှင် (၁၀၀၀)ကျပ်၊ အပြုတ်၁ပိဿာလျှင် (၁၅၀၀)ကျပ်၊  ကျသောင်းမျှစ်စိမ်း ၁ပိဿာလျှင် (၂၀၀၀)ကျပ်၊ အပြုတ်၁ပိဿာလျှင် (၂၅၀၀)ကျပ်ဖြင့် အသီးသီးဈေးကွက်ဖြစ်နေကြောင်း  ပဲခူးတိုင်းဒေသကြီး၊  ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အနောက်ရှိ ပဲခူးရိုးမတောင်တန်းပေါ်၌  မျှစ်ခုတ်ရောင်းနေသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)