Main menu

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ပြောင်းဆံနှင့် ပြောင်းဖူးပင်ဈေးကွက်အခြေအနေ ကွင်းဆင်းလေ့လာ

Powered by Drupal

                 ပြောင်းဖူးပင်များကို Ever Shine Lashio co.ltd က ဝယ်ယူကာတစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချပေးနေသည့်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ပြောင်းဖူးစိုက်သည့်တောင်သူများ ပြောင်းဆံနှင့် ‌ပြောင်းဖူးပင်ဈေးကွက်နှစ်ခုရရှိနေ၍ အဆင်ပြေလျှက်ရှိပြီး ပြောင်းစိုက်တောင်သူများထံမှ ပြောင်းပင်များကို အပြင်လိုက်ဝယ်ယူပြီးပြောင်းချဉ်ဖတ်လုပ်ကာ အိမ်နီးချင်းတရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ရောင်းချပေးနေသည့် ဈေးကွက်တစ်ခု ဖြစ်ပေါ်လာ၍ ပြောင်းဖူးချိုးပြီးသားအပင်များ အလဟဿမဖြစ်စေတော့သည့်အတွက် ပြောင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိသည်ဟု သတင်းရရှိပါသည်။ ယခင်ကတော့ ပြောင်းဖူးစိုက်သည့် အခါတွင်အဖူးချိုးခြင်း၊ခြွေခြင်း၊ လှန်းခြင်းတို့က်ုအဆင့်ဆင့်ပြုလုပ်ပြီးမှ သွားရောက်ရောင်းချရသောကြောင့်  တစ်နှစ်လျှင် တစ်ခါတည်းသာစိုက်နိုင်၊ ရောင်းနိုင်ချနိုင်ကြောင်း သိရှိရပါသည်။ ယခုလို အပင်ပါဝယ်ယူပေးခြင်းကြောင့် အဖူးချိုးအချိန်တွင် ချိုးပြီးတာနဲ့ အမျှ ပြောင်းဖူးပင်များကိုပါတစ်ခါတည်း ရိတ်သိမ်းပြီးတော့ စက်ရုံသို့သွားရောက်ပေးပို့ခြင်းဖြင့်လည်း ဝင်ငွေထပ်မံရရှိသည့်အတွက် တောင်သူတွေအတွက် ဝင်ငွေရရှိကြောင်း သိရှိရပါသည်။ ရာသီဥတုများလည်းမှန်ကန်ပြီး လုပ်အားလည်းစိုက်နိုင်မယ်ဆိုရင် တစ်နှစ်လျှင်နှစ်ကြိမ်သုံးကြိမ် မျှလောက်စိုက်ပျိုးနိုင်မည်ဟု တောင်သူတစ်ဦးထံမှ သတင်းရှိပါသည်။

            Ever Shine Lashio co.ltdက လားရှိုးမြို့နှင့် သိန္နီမြို့တို့တွင် စက်ရုံတည်ထားပြီး ပြောင်းဖူးပင်များကို ဝယ်ယူပေးကာ ပြောင်းပင်ချဉ်ဖတ်အဖြင့် ၁တန် ကြိတ်ခွဲ၍တစ်ထုပ်လျှင်(၈၀၀)ကီလိုဂရမ်ခန့် အလေးချိန်ရှိအောင်ထုပ်ပိုးကာ အိမ်နီးချင်းတစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချပေးသည့်ဈေးကွက်ကို တစ်နှစ်ကျော်ကြာ စမ်းသပ်ခဲ့ပြီး ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ ပြောင်းဖူးပင်များကို ပြန်လည်ဝယ်ယူပေးနေသည့် Ever Shine Lashio co.ltdမှ မန်နေဂျာ ဖြစ်သူ မအိ ထံမှတောင်သူတွေဆီကနေစက်ရုံသို့အရောက်ပို့ပြောင်းပင်တစ်တန်လျှင် ကျပ်(၅၀၀၀၀)နှုန်းဖြင့် ပြီးခဲ့တဲ့ နှစ်ကနေစ၍ ဝယ်ယူပေးနေကြောင်းသိရှိရပါသည်။ ထိုသို့ ပြန်လည် ဝယ်ယူပေးခြင်းအားဖြင့် တောင်သူတွေက   ပြောင်းဖူး/ပြောင်းဆံလည်းရောင်းပြီး အပင်ကလည်းအလကားမဖြစ် သွားတော့ပဲ ဝင်ငွေတစ်ခုပြန်လည်ရရှိတဲ့အတွက် ပိုပြီးအဆင်ပြေကြောင်းပြောပြချက်အရသိရှိရပါသည်။ ထိုသို့ ပြောင်းဖူးပင်များကို ပါပြန်လည်ဝယ်ယူပေးနေသည့်အတွက်တစ်နှစ်လျှင် ပြောင်းဖူးစိုက်ပျိူးခြင်းကို နှစ်ခါမှ သုံးခါထိ ပြုလုပ်နိုင်သောကြောင့် တောင်သူများအနေဖြင့်လည်း ယခင်ကာလများထက် ဝင်ငွေပိုမိုရရှိနိုင်သည့် အပြင်ဒေသအတွင်း ပြန်လည်အသုံးပြုရန် များစွာအသုံးမတည့်သည့် ပြောင်းဖူးပင်များမှလည်း ဝင်ငွေပြန်လည် ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။

            ပြောင်းဖူးပင်များကို ကြိတ်ဖတ်အဖြစ် ပြန်လည်ကြိတ်ခွဲသည့်စက်ကြီးများမှာ အောက်ခံမြေပြန့်ပြူးပြီး နေရာအကျယ်အဝန်းများစွာပေးရသည့်အတွက် စက်ရုံကကိုယ်တိုင်လာရောက်ဝယ်ယူရန်မဖြစ်နိုင်၍ တောင်သူများကစက်ရုံအထိ လာရောက်ပို့ဆောင်ပေးမှသာ ပိုမိုအဆင်ပြေမည်ဖြစ်ပြီး စက်ရုံသို့အရောက် ပြောင်းဖူးပင် တစ်တန်လျှင် မြန်မာငွေကျပ်(၅၀၀၀၀)နှုန်းရရှိခြင်းကလည်း တောင်သူများအတွက် တွက်ခြေကိုက်ကြောင်း သတင်းရရှိပါသည်။COVID-19ကာလ စတင်စဉ်ကတည်းက စ၍လက်ရှိအချိန်ထိ ရှမ်းပြည်နယ်(မြောက်ပိုင်း) အပါအဝင် ဒေသအတွင်း စိုက်ပျိုးရေးလုပ်ကိုင်သည့်တောင်သူများအနေဖြင့် အသီးအနှံ၊ အစေ့အဆံများကို တစ်ဖက်နိုင်ငံများသို့တင်ပို့ရောင်းချရာတွင် အသွားအလာကန့်သတ်ထားခြင်း၊ ကုန်စည်ကန့်သတ်ထားခြင်းများကြောင့် ရောင်းဝယ်ဖောက်ကားမှု ကောင်းမွန်စွာမရှိခဲ့ဘဲ သီးနှံဈေးနှုန်းများလည်း ကျဆင်းသွားခဲ့ရကြောင်း သတင်းရရှိ ပါသည်။

            ၎င်းအပြင် စက်သုံးဆီဈေးနှုန်းများနှင့် သီးနှံစိုက်ပျိုးရာ၌အသုံးပြုသည့်ပစ္စည်းများ၊ မြေဩဇာများမှအစ ကုန်ဈေးနှုန်းမြင့်တက်မှုများကြောင့်လည်း တောင်သူများအကြပ်အတည်းဖြစ်ပေါ်နေခဲ့သည့်အတွက် ယခုကဲ့သို့ တောင်ယာထဲတွင် တပင်တပန်းခုတ်ထွင်ရှင်းလင်းနေရပြီး ဒေသအတွင်း၌လည်း ဝင်ငွေပြန်လည်မရရှိနိုင်ခဲ့သော ပြောင်းဖူးပင်များကို ပြန်လည်ဝယ်ယူပေးနေသည့် ဈေးကွက်တစ်ခုဖြစ်ပေါ်လာခြင်းအတွက် တောင်သူများစွာအကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ပြီး ပြောင်းဖူးပင်များကို ပြန်လည်ရောင်းချလိုသူများအနေဖြင့်   Ever Shine Lashio co.ltd၏ ဖုန်းနံပါတ် 09-787783866သို့ ဆက်သွယ်ရောင်းချနိုင်ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ရှမ်း)