Main menu

ဒေသစီးပွားဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် ဖြူးမြို့၊ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမီတက်

Powered by Drupal

     တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမီတက်သည် အသင်းသားများနှင့်မိသားစုဝင်များ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်သည့်အပြင် ဒေသစီးပွားရေးဖွံဖြိုးတိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိပါသည်။

        အသင်းပိုင်လယ်မြေ ၅၁၂ဧကရှိပြီး လက်ရှိတွင် မိုးစပါးဧက၅၀၀နှင့် ကြံ ၁၂ဧကစိုက်ပျိုးထားရှိပါသည်။ စပါးစိုက်ဧက ၅၀၀အနက် ဧက၃၀၀ကို နွေစပါးမျိုးထုတ်ရန်စိုက်ပျိုးပြီး ဧက၂၀၀ကို စားစပါးအတွက် စိုက်ပျိုးခြင်းဖြစ်ပါသည်။ မျိုးစပါးထုတ်မည့်ဧက ၃၀၀ကို ကောက်စိုက်စက်ဖြင့်စိုက်ပျိုးပြီး စားစပါးကို လူအားဖြင့်စိုက်ပျိုးပါသည်။

       မိုးစပါးအပြီးတွင် ဧက၅၀ကို ပဲတီစိမ်း၊ နွေစပါး နှစ်စဉ် သုံးသီးစိုက်ပျိုးပါသည်။ ဆီထွက်သီးနှံအတွက် နှမ်းနှင့် မြေဆီဩဇာအတွက် ပိုက်ဆံလျှော်စိုက်ပျိုးခြင်းကို မိုးစပါးအပြီးတွင် သီးထပ်အဖြစ် စိုက်ပျိုးကြောင်းသိရပါသည်။

       စိုက်ပျိုးရေးအခြေခံမှ ထွက်ရှိလာသောစပါးများကို အခြောက်ခံခြင်း၊ ကြိတ်ခွဲခြင်း၊ သဘာဝမြေဆီမြေဩဇာရရန်နှင့် လုပ်ငန်းခွင်တွင် အသုံးပြုနိုင်ရန်အတွက် ခိုင်းနွားမွေးမြူခြင်း၊ အသင်းသားများ၏ လူမှုလိုအပ်ချက်အတွက် အရောင်းဆိုင်ဖွင့်လှစ်ခြင်းကိုလည်း ဆောင်ရွက်ထားရှိပါသည်။

      အသင်းကို ၁၉၇၆ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါတွင် အမှုဆောင်(၅)ဦး၊ အသင်းသား (၄၅)ဦးရှိပြီး အဆိုပါအသင်းသားဝန်ထမ်းမိသားစု ၁၀၀ဦးခန့်ကို အလုပ်အကိုင်ဖော်ဆောင်ပေးနိုင်ကြောင်းသိရပါသည်။

DOCA(ပဲခူး)