စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် မြေပဲစိုက်ဧက စုစုပေါင်း ၃၂,၄၇၉ဧကခန့် ရှိပြီး မြေပဲအထွက်နှုန်း ၁,၃၃၁,၆၃၉တင်းခန့် ထွက်ရှိကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
အရာတော်မြို့နေ မြေပဲစိုက်တောင်သူ ဦးဝင်းလွင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ မြေပဲစိုက်တောင်သူဦးဝင်းလွင်က မြေပဲကို သီတင်းကျွတ်လဆန်းပိုင်းလောက်မှာ စတင်စိုက်ပျိုးရပြီး မြေပြုပြင်ရာတွင် ထွန်စက်ခ တစ်နာရီ ၂၆,၀၀ဝိ/-နှုန်းဖြင့် တစ်ဧကလျှင် ၄၀,၀၀ဝိ/-မှ ၅၀,၀၀ဝိ/- ဝန်းကျင်ကုန်ကျကြောင်း၊ အလုပ်သမားငှားရမ်းခမှာ တစ်ဦးလျှင် နေ့တစ်ပိုင်း ၂,၀၀ဝိ/-နှုန်းဖြင့် ၁၂ဦးအတွက် ၂၄,၀၀ဝိ/-ကုန်ကျကြောင်း၊ နွားချေးချရာတွင် ထော်လာဂျီ ၄စီးအတွက် ၁၄၀,၀၀ဝိ/-ကုန်ကျကြောင်း၊ မြေတစ်ဧကလျှင် မြေပဲမျိုးစေ့ ၁တင်း၂ပြည် ခန့်စိုက်ပျိုးရပြီး မျိုးစေ့ဖိုး၆၅,၀၀ဝိ/-မှ ၇၀,၀၀ဝိ/-ဝန်းကျင်ကုန်ကျကြောင်း၊ ပေါင်းသင်မြက်နုတ်ခ တစ်ဦးလျှင်နေကုန် ၄၀၀ဝိ/-နှုန်းဖြင့် ၅ဦးအတွက် ၂၀၀၀ဝိ/ကုန်ကျကြောင်း၊ အပင်အားဆေး နှင့်ပိုးသတ်ဆေးဖိုး ၁၇,၀၀ဝိ/-မှ၂၀,၀၀ဝိ/-ဝန်းကျင်ကုန်ကျကြောင်း၊ မြေပဲတစ်ဧကစိုက်ပျိုး ကုန်ကျစရိတ်မှာ စုစုပေါင်း ၃၄၀,၀၀ဝိ/-မှ ၃၅၀,၀၀ဝိ/-ခန့် ကုန်ကျကြောင်း၊ မြေပဲကို သီတင်းကျွတ် လဆန်းပိုင်းလောက်မှာ စတင်စိုက်ပျိုးကာ တပိုတွဲလလောက်မှာ သိမ်းဆည်းရပြီး တစ်ဧကလျှင် မြေပဲထွက်ရှိမှုမှာ မြေအမျိုးအစားပေါ်မူတည်၍ တင်း၄၀ကျော်မှ ၆၀ခန့်ထွက်ရှိကြောင်း မြေပဲစိုက်တောင်သူ ဦးဝင်းလွင်ထံမှသိရှိရသည်။
ယခင်နှစ်မြေပဲဆံတစ်တင်းလျှင် ကျပ်၄၀၀၀၀ကျော်ဖြစ်ပြီး ယခုနှစ်မြေပဲဆံတစ်တင်းလျှင် အမျိုးအစားအပေါ်မူတည်၍ ကျပ်၅၅,၀၀၀မှ ကျပ်၆၀,၀၀၀နှုန်းရှိရာ ယခုနှစ်တွင်မြေပဲစျေးပိုမို ကောင်းလာသဖြင့် တောင်သူများအကျိုးအမြတ်ပိုမိုရရှိကာ နောင်လာမည့်နှစ်တွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တောင်သူများထံမှ သိရှိရသည်။
DOCA(စစ်ကိုင်း)