စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ထန်းတလုတ်ဆည်ရေသောက် ဧရိယာ ဖြစ်သော ကျောက္ကာညောင်ပင်ကျေးရွာတွင် မိုးစပါးကို ဇူလိုင်လ ဒုတိယအပတ်တွင် စတင်ပျိုး ထောင်ရကြောင်း၊ မြေတစ်ဧကလျှင် စပါးတင်း ၃ တင်းဖြင့် စိုက်ပျိုးရကြောင်း၊ ပျိုးကွင်းတွင် ပျိုးပင်များ ပထမဦးစွာ ပျိုးထားရကြောင်း၊ ပျိုးပင်ရဲ့သက်တမ်းမှာ ၄၅ ရက်သားခန့်အထိ ပျိုးရကြောင်း၊ လယ်ကွင်းတွင် စပါးစိုက်ရန်အတွက် စိုက်ပျိုးမြေပေါ်တွင် စက်ဖြင့်ထွန်ယက်ရ ကြောင်း၊ တစ်ဧကကို စက်ဖြင့်ထွန်ယက်ချိန်အနေဖြင့် တစ်ရက်သာကြာမြင့် ကြောင်း၊ ထွန်ယက် ခမှာ ကျပ် ၂၅၀၀၀ မှ ကျပ် ၃၀၀၀၀ ခန့်ရှိကြောင်း၊ မိုးနည်းဒေသဖြစ်သည့် အတွက် လယ်ကွင်းထဲ တွင် စပါးစိုက်ရန် ရေစုပ်စက် ဖြင့်စုပ်ယူ၍ ရေပေးရပြီး ရေစုပ်စက် မောင်းရန် ဒီဇယ်အသုံးပြုရ၍ ကုန်ကျသည့်ဒီဇယ်မှာ ၂၅ ဂါလံမှ ၄၀ ဂါလံခန့်ကုန်ကြောင်း၊ ပျိုးပင်ကို ပျိုးထောင်စိုက်ရကြောင်း၊ ပျိုးပင်များအား လေးပေခန့်အကျယ် ဘောင်ခတ်ပြီး စိုက်ပျိုးရကြောင်း၊ ပျိုးပင်များ လယ်ကွင်းထဲ သို့စိုက်ပျိုးရန်အတွက် လူငှား ၁၀ ဦးခန့် အသုံးပြုရကြောင်း၊ လူငှား ၁၀ ဦးခန့်ဖြင့် လုပ်ကိုင်ပါက တစ်ရက်နှင့် စိုက်ပြီးကြောင်း၊ ၁ ဦး ငှားရမ်း လုပ်အားခမှာ ကျပ် ၄၀၀၀ ဖြစ်ပြီး ၁၀ ဦးဆိုလျှင် ကျပ် ၄၀၀၀၀ ဖြင့် ငှားရမ်းလုပ်အားခ ကုန်ကျ ကြောင်း၊ တစ်ဧကလျှင် ဓာတ်မြေဩဇာ ၅၀ ကီလိုပါ ၂ အိတ်မြေဩဇာ ကျွေးပေးရ ကြောင်း၊ အပင်များပိုဖျက်နည်းပြီး ကြီးထွားသန်မာရန်၊ အထွက် ကောင်းရန်အတွက် စိုက်ပျိုးပြီး သည့်အချိန်မှ စ၍ ၁၅ ရက်ပြည့်လျှင် ပထမတစ်ကြိမ် မြေဆီကျွေး ပေးရသည်။ စိုက်ပြီး ၁ လပြည့်လျှင် ဒုတိယတစ်ကြိမ် မြေဆီများ ကျွေးပေးရသည်။
စပါးသက်တမ်းမှာ ရက်ပေါင်း ၉၀ မှ ၁၀၀ ဝန်းကျင်ခန့်ရှိလျှင် ရိတ်သိမ်းရကြောင်း၊ ယခင် အချိန်က စပါးရိတ်သိမ်းလျှင် စပါးရိတ်တံစဉ်များဖြင့် လူအင်အားသုံး၍ ရိတ်သိမ်းရပြီး၊ ယခုတွင် ခေတ်အလိုက် ခေတ်မီတိုးတက်လာ၍ အချိန်ကုန်သက်သာ၊ လွယ်ကူလျှင်မြန်သည့် ရိတ်သိမ်း ခြွေလှေ့စက်များဖြင့် အသုံးပြုလာကြသည်။ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် တစ်နာရီကြာ ရိတ်သိမ်းရ ကြောင်း၊ ရိတ်သိမ်းခမှာ ကျပ် ၅၀၀၀၀ ပေးရကြောင်းသိရသည်။
တစ်ဧကအထွက်နှုန်းမှာ စပါးတင်း ၉၀ မှ ၁၂၀ ဝန်းကျင်ခန့်ထွက်ရှိကြောင်း၊ ယခင်က သမ ရိုးကျနည်းဖြင့် လူအင်အားသုံး၍ ရိတ်သိမ်းလျှင် အလေအလွင့်အပျက်အစီးများ ပိုမိုများပြားကြောင်း၊ ယခုအခါတွင် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းရ၍ အလေအလွင့်နည်းပါးပြီး အထွက်ပိုကောင်း လာကြောင်း၊ စပါးတစ်တင်းလျှင် ကျပ် ၁၀၀၀၀ မှ ကျပ် ၁၂၀၀၀ ဝန်းကျင်ခန့်ရောင်းရကြောင်း၊ စပါးတစ်တင်းကြိတ်ခွဲလျှင် ဆန် ၇ ပြည်ခန့်ထွက်ရှိကြောင်း၊ စပါးတစ်တင်းကြိတ်ခွဲခမှာ ကျပ် ၂၀၀ ပေးရကြောင်း၊ စပါးတင်း ၉၀ မှ ၁၂၀ ဝန်းကျင်ခန့်ကြိတ်ခွဲလျှင် ကြိတ်ခွဲခမှာ ကျပ် ၁၈၀၀၀ မှ ကျပ် ၂၄၀၀၀ ခန့် ကုန်ကျကြောင်း၊ တစ်တင်းခွဲအိတ်(၂၄) ပြည်တစ်အိတ်လျှင် ကျပ် ၃၅၀၀၀ ဝန်းကျင်ခန့် ရောင်းရကြောင်း၊ မိုးစပါး တစ်ဧကစိုက်ပျိုးရာတွင် စုစုပေါင်း ကုန်ကျစရိတ်မှာ ခန့်မှန်း ကျပ် ၄ သိန်း ဝန်းကျင်ခန့် ကုန်ကျပြီး၊ မိုးစပါးတစ်ဧက ရရှိငွေမှာ ကျပ် ၆ သိန်းဝန်းကျင်ခန့်အမြတ်ရရှိကြောင်း၊ ထွက်ရှိသည့် စပါး/ဆန်များအား မိမိ မိသားစုဝမ်းစာ ဖူလုံမှုနှင့် ပိုလျှံသည့် စပါး/ဆန်များအား မျိုးအဖြစ်သော်လည်းကောင်း၊ မိမိနယ်မြေဒေသတွင်းသော်လည်းကောင်း၊ ရွာသို့ စပါး/ဆန် ဝယ်ယူ သည့်အဖွဲ့များသို့သော်လည်းကောင်း ရောင်းရကြောင်း၊ ယခင်နှစ်များနှင့်နှိုင်းယှဉ်လျှင် ယခုမိုးစပါး စိုက်ပြီးကာလတွင် အရောင်းအဝယ်နည်းပါး၍ အမြတ်နည်းပါးမှုရှိကြောင်း စပါးစိုက်တောင်သူ တစ်ဦးထံမှ သိရှိရသည်။
DOCA(စစ်ကိုင်း)