Main menu

ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးများဆက်လက်မြင့်တက်လာ

Powered by Drupal

     ပြည်ခရိုင်အနေဖြင့် ယခုနှစ်မိုးမြေပဲများ စိုက်ပျိုးချိန်တွင် စိုက်ဧက (၄၀၆၈၁)ဧက စိုက်ပျိုးနိုင်ခဲ့ပါသည်။ ပြည်မြို့နယ်တွင် ၁၂၇၅၉ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၁၅၃၄၃ဧက၊ ပန်းတောင်း မြို့နယ်တွင် ၃၈၃၃ဧကနှင့် ရွှေတောင်မြို့နယ်တွင် ၈၇၄၆ဧက စိုက်ပျိုးထားပြီး ဖြစ်ပါသည်။ ယခုအချိန်တွင် မိုးမြေပဲများထွက်မှုမရှိသေးဘဲ ဈေးကွက်တွင် လက်ကျန်များနည်းသွားချိန်ဖြစ်၍ မြေပဲဆန်ဈေးများ ဆက်လက်မြင့်တက်လာခဲ့ပါသည်။ မြေပဲဆန်ဈေးနှုန်းများအနေဖြင့် ယခုဩဂုတ်လနောက်ဆုံးပတ်တွင် ဆီဆန်(အဖြူ)တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ဆီဆန်(အနီ) တစ်ပိဿာ လျှင် ၈၈၀၀ကျပ်၊ လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ လုံးဆန်(အနီ) တစ်ပိဿာလျှင် ၉၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိသော်လည်း တစ်နေ့လျှင် ပိဿာ(၂၀)ဝင်အိတ် (၂၀၀)ကျော်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ မြေပဲဆန်ဝင်ရောက်မှုအနေဖြင့် ပြည်မြို့ အနောက်ဘက်ကမ်းရှိ ပန်းတောင်းနှင့် ဥသျှစ်ပင်ဘက်မှ ရက်ခြားတစ်နေ့လျှင်အိတ်(၂၀၀)ခန့် အဝင်ရှိကြောင်း သိရှိရပါသည်။ မြေပဲဆန်ဈေးနှုန်းများအား ယခင်လဖြစ်သော ဇူလိုင်လ နောက်ဆုံးပတ်နှင့် ယခုဩဂုတ်လနောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မြေပဲဆီဆန် (အဖြူ)နှင့်(အနီ)မှာ တစ်ပိဿာလျှင် ၈၀၀ကျပ်၊ လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ၁၄၀၀ကျပ်နှင့် လုံးဆန်(အနီ) တစ်ပိဿာလျှင် ၁၅၀၀ကျပ်ဖြင့် ဈေးနှုန်းများ အသီးသီးမြင့်တက်လာခဲ့ပါသည်။ မြေပဲဆီဆန်များကို ဆီစက်သမားများကအဝယ်ရှိပြီး လုံးဆန်ကို ပဲလှော်သမားများနှင့် ဈေးကွက်အတွင်း မြေပဲဆန်အစိမ်းရောင်းချသူများက ဝယ်ယူမှုရှိကြောင်း သိရှိရပါသည်။ ဈေးကွက်တွင် ရောင်းချလျက်ရှိသော မြေပဲဆန် တစ်ဘူးလျှင် ၁၅၀၀-၁၇၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)